
#Travelling Journal
ပြည်တွင်းအခြေစိုက်ခရီးသွားကုမ္ပဏီတစ်ခုဖြစ်
သည့် မင်းကျန်စစ်ခရီးသွားကုမ္ပဏီနှင့် မဟာဘောဂငွေကြေးကုမ္ပဏီတို့ ပူးပေါင်းပြီး အရစ်ကျစနစ်ဖြင့်ခရီးသွားနိုင်ရန် MOU ရေးထိုးခဲ့ကြောင်း အဆိုပါ ခရီးသွားကုမ္ပဏီမှတာဝန်ရှိသူက Travelling သို့ပြောသည်။
အရစ်ကျစနစ်ဖြင့် ခရီးသွားချင်သူများအတွက်
လိုအပ်ချက်အနေဖြင့် မှတ်ပုံတင်မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူနှင့် အလုပ်အကိုင်ဖော်ပြပေးရမည်ဖြစ်ကြောင်းသိရသည်။
” ခရီးစဥ်တစ်ခုကို သိန်း(၅၀) အထက်ဆိုရင် ပိုင်ဆိုင်မှုပြပေးရမယ်။သိန်း(၅၀)အောက်ဆိုရင်တော့ ပြစရာမလိုဘူး။အစ်မတို့ရဲ့ခရီးစဥ်ပြပေးရမယ်။ ငွေကတော့အစ်မတို့ဘက်ကသွင်းမှာ။ခရီးသွားမဲ့သူကတော့ ငွေကြေးကုမ္ပဏီကို အရစ်ကျသွင်းပေးရမှာဖြစ်ပါတယ်။ အခုလိုစီစဥ်ရတာကလည်း အစ်မတို့ Customer တွေခရီးတွေ သွားနိုင်အောင် စီစဥ်ပေးတာဖြစ်ပါတယ် “ဟု Min Kyan Sit Travel & Tours မှ ဒေါ်ဝါဝါလှမြင့်က Travelling သို့ပြောသည်။
အရစ်ကျအနေဖြင့် ၆ လ မှ ၁၂ လထိ ပေးသွင်းနိုင်ပြီးအတိုးနှုန်း ၃ ရာခိုင်နှုန်း နှင့် ဝန်ဆောင်မှုကြေး ၇ ရာခိုင်နှုန်းကောက်ခံသွားမည်ဖြစ်ကာ မည်သည့်နိုင်ငံမဆို Travel loan ချေးငွေရယူနိုင်မည်ဖြစ်ကြောင်းသိရသည်။
“အတိုးနှုန်းကတော့ ၃ ရာခိုင်နှုန်းနဲ့ Service ကြေးကတော့ ၇ ရာခိုင်နှုန်း ကောက်ပါတယ်။ အစ်မတို့ကတော့လစဥ်ခရီးထွက်ပါတယ်။ မိသားစု၊ ဒါမှမဟုတ် မိဘတွေကို ဂါယာဘုရားဖူးပို့ပေးချင်လည်း ချေးငွေစနစ်နဲ့ပို့ပေးလို့ရပါတယ်။ ဂါယာဆိုရင် ၁၀ လပိုင်း ကနေ ၄ လပိုင်းထိ ခရီးစဥ်စပါတယ် “ဟု Min Kyan Sit Travel & Tours မှ ဒေါ်ဝါဝါလှမြင့်က Travelling သို့ ပြောသည်။
အဆိုပါ ခရီးသွားကုမ္ပဏီသည် ၂၀၁၃ ခုနှစ်မှ စတင်တည်ထောင်ပြီး လက်ရှိတွင် (၁၂)နှစ် သက်တမ်းရှိပြီ ဖြစ်ကြောင်းသိရသည်။