
#Travelling Journal
ငလျင်ကြောင့် နေပြည်တော်ရှိ Jade city ဟိုတယ်၊အေးချမ်းသာဟိုတယ်နှင့် ပုလဲသီရိဟိုတယ်တို့ ဖြိုချရမည်ဖြစ်ပြီး ကျန်ဟိုတယ်များလည်း အပျက်စီးများရှိခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန(နေပြည်တော်) မှ တာဝန်ရှိသူက Travelling သို့ ပြောသည်။
” နေပြည်တော်အခြေစိုက် ဟိုတယ်နဲ့တည်းခိုရိပ်သာပေါင်း (၁၀၂) လုံးထဲမှာ ဟိုတယ်သုံးလုံး ပြိုကျပျက်စီးခဲ့တယ်။ ကျန်တဲ့ ဟိုတယ်နဲ့တည်းခိုရိပ်သာတွေကတော့ အပျက်အစီးတွေတော့ရှိတယ်။ကြီးကြီးမားမားဖြစ်တာကတော့ Jade City ဟိုတယ်
၊ အေးချမ်းသာဟိုတယ် နဲ့ ပုလဲသီရိဟိုတယ်တို့က ပြိုကျပျက်စီးသွားခဲ့ပါတယ်။အခုတော့ အဲဒီဟိုတယ်တွေကို ချက်ချင်း ဖြိုချ ဖျက်ခိုင်းနေပါပြီ “ဟု နေပြည်တော် ဟိုတယ်နှင့်ခရီးသွားလာရေး ညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူကTravelling သို့ ပြောသည်။
ငလျင်ဒဏ်ကြောင့် Jade City ဟိုတယ်၏ ရှစ်ထပ်အထပ်မြင့်အဆောက်အအုံ နှစ်လုံး၊လေးထပ်အထပ်မြင့်အဆောက်အအုံတစ်လုံးနှင့် သုံးထပ်အထပ်မြင့်အဆောက်အအုံတစ်လုံး တို့မှာ ပြိုကျပျက်စီးခဲ့ပြီး လက်ရှိတွင် ဟိုတယ်အား
ဖြိုချရန်အတွက်မူ အခက်အခဲများဖြစ်ပေါ်နေကြောင်း ယင်းဟိုတယ်ပိုင်ရှင်က Travelling သို့ ပြောသည်။

“ဖြိုချခိုင်းတာကတော့ မှန်ပေမဲ့ ဒီဟိုတယ်ထဲက ပစ္စည်းတွေ ထုတ်ဖို့နဲ့သိမ်းဖို့နေရာအတွက်ကို တော်တော်လေးခက်ခဲနေတာပါ။ အခုတောင် ညညဆို သူခိုးရန်ကလည်းရှိသေးတယ်။အဲကွန်းတွေလာဖြုတ်ခိုးကျလို့။ ငလျင်ကလည်း ခဏခဏထပ်ထပ်လှုပ်လို့ နိုင်ငံခြားသားကယ်ဆယ်ရေးတွေလာတုန်းကလည်း ထိခိုက်တာတောင်ရှိခဲ့သေးတယ်။ အဆောက်အအုံတွေကပျက်စီးသွားပေမဲ့ အထဲကပစ္စည်းတွေကကောင်းနေတာမို့ ရွေ့ဖို့အတွက်ကိုတောင် ဘယ်လိုလုပ်ရမလဲဆိုတာ
မသိတော့ပါဘူး ” ဟု Jade City ဟိုတယ်ပိုင်ရှင်က Travelling သို့ ပြောသည်။
အဆိုပါ Jade City ဟိုတယ်ကို ဒေါ်လာ (၁၅ )သန်းအကုန်အကျခံအောင် ဆောက်လုပ်ခဲ့ပြီး ယခုငလျင်ဒဏ်ကြောင့် သိန်းကြီး ခြောက်သိန်း(ကျပ်)ခန့် ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
” ငလျင်ဒဏ်ထိခဲ့တဲ့ နေပြည်တော်က ဟိုတယ်/ မိုတယ်တွေတချို့ကို လိုင်စင်ရ Engineer Team တွေနဲ့ လိုက်လံစစ်ဆေးပေးခဲ့ပါတယ်။ကျွန်တော်တို့အသင်းကတော့ ဟိုတယ်/ခရီးကစစ်ဆေးခိုင်းတဲ့ဟိုတယ် မိုတယ်တွေကို စစ်ဆေးပေးရတာပါ။ စစ်ပြီးတဲ့ အလုံး( ၁၅ )လုံးတော့ရှိတယ်။ ထပ်စစ်ပေးရမဲ့ ဟိုတယ်အလုံးတွေလည်းကျန်ရှိပါသေးတယ် “ဟု နေပြည်တော်ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ တစ်ဦးက Travelling သို့ပြောသည်။

ထို့ပြင် အေးချမ်းသာဟိုတယ်ကလည်း သန့်ရှင်းရေးအပိုင်းလောက်သာပြီးစီးသေးကြောင်းသိရသည်။
နေပြည်တော်ဟိုတယ်အများစုမှာ အားကစားပွဲတော်နှင့်ကျောက်မျက်ပြပွဲရာသီကာလများတွင်သာ
ဧည့်သည်ပြည့်ကြပြီး ကျန်ရာသီများ၌ ဧည့်သည် ဝင်ရောက်မှုနည်းပါးကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက် က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး အင်အား ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့သောကြောင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့်နေပြည်တော်တို့တွင် ထိခိုက်မှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
#Travelling journal
#News
#Photo Zayyar Lin
