
#TravellingJournal
ရွှေစာရံဘုရားပွဲ တော်လို့ ဆိုလိုက်တာနဲ့ တစ်ပြိုင်နက် “အဖော်တွေပျော်ပျော်ပါးပါး မော်တော်ကားနဲ့ရယ်..အသက်မကြီးသေးပါ မောင်ရယ် ထန်းရွက်ပုတီးလေးဆွဲဖို့ ရွှေစာရံကိုအရောက်သွားလို့ဝယ်..” လို့ ဆိုတဲ့ ဒီသီချင်းလေးကို ကြားဖူးနားရည်ဝနေကြမှာဖြစ်ပါတယ်။ အမေတို့အဘွားတို့အထိ ကျွမ်းဝင်ရင်းနှီးပြီးသား သီချင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။
နာမည်ကြီးလှတဲ့ အရောင်အသွေးစုံ ထန်းရွက်ပုတီးလေးတွေရဲ့ မွေးရပ်မြေဆိုရင်လည်းမမှားပါဘူး။ရွှေစာရံဘုရားပွဲတော်ဟာဆိုရင် အညာဒေသရဲ့အထင်ကရ တမူထူးခြားလှတဲ့အပြင် အညာဒေသရဲ့လူနေမှု မြင်ကွင်းဘဝတွေကို အပြည့်အဝ မြင်တွေ့ရစေတဲ့ ဘုရားပွဲတော်တစ်ခု ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်တွေရဲ့စိတ်ဝင်တစား သွားရောက်လည်ပတ်ကြတဲ့ပွဲတော်ဖြစ်တာမို့ ရွှေစာရံ ဘုရားပွဲတော်ဟာ ထင်ရှားလှတဲ့ တပေါင်းပွဲတော် တစ်ခုဖြစ်ပါတယ်။

သမိုင်းဝင်ရွှေစာရံစေတီဟာဆိုရင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဒုဋ္ဌဝတီမြစ်ကမ်းပါးနားမှာ တည်ရှိပြီး ရွှေစာရံဘုရားကို အနော်ရထာမင်းရဲ့မိဖုရား ရှမ်းမင်းသမီးမိုင်းမောဝ်ဧကရီစောမွန်လှ က အလွမ်းတွေတပွေ့တပိုက်နဲ့ ရှမ်းပြည်ပြန်သွားတဲ့လမ်းခရီးမှာ ခရီးတထောက်နားပြီး ဘုရားတည်ခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့နားဋောင်းတစ်ဖက် ချောင်းအတွင်း ကျခဲ့သော်လည်း အဆိုပါနားဋောင်းမှာ ကောင်းကင်တွင် တည်ရှိနေပြီး မွေတော်ကို စာကလေးငှက်များဝန်းရံ တည်နေသည်ကို အစွဲပြု၍ ‘ရွှေစာရံစေတီတော်’ လို့ မှည့်ခေါ်ခဲ့ကြတယ်လို့ သမိုင်းမှတ်တမ်း တွေကနေ သိရပါတယ်။
အေဒီ ၄၁၆ မှာ အနော်ရထာမင်းရဲ့မိဖုရား ရှမ်းမင်းသမီး မိုင်းမောဝ်ဧကရီစောမွန်လှဟာ အတောင် (၅) တောင်မြင့်တဲ့ ရွှေစာရံစေတီကို စတင်တည်ထားကိုးကွယ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာ မိုးညှင်းမင်းက အတောင်( ၃၀ )ထိ ရောက်အောင်ပြန်လည်ငုံတင်ပြီး ဆက်လက် တည်ထားကိုးကွယ်ခဲ့တာလို့သိရပါတယ်။ ၁၂၈၀ ခုနှစ် မှာတော့ရသေ့ကြီးဦးခန္တီက အတောင်(၉၀) ထိရောက်အောင် တည်ထားကိုးကွယ်ခဲ့တဲ့ သမိုင်းဝင် ရွှေစာရံ စေတီတော် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ (၂၈) ရက်၊ နေ့လည် (၁၂:၅၀)မိနစ်မှာ (၇.၇)ရှိတဲ့ အင်အားပြင် ငလျင်လှုပ်ခတ်မှုကြောင့် ဒုဋ္ဌဝတီမြစ်ကမ်းနားက သမိုင်းဝင် ရွှေစာရံစေတီတော်ကြီးရဲ့ ထီးတော်ဟာ မြေခခဲ့ရပါတယ်။

ယခုလိုဖြစ်စဥ်မျိုးဟာ နှစ်ပေါင်း ၉၀၀ ကျော်ကာလအတွင်း သမိုင်းမှတ်တမ်းတွေမှာ မရှိခဲ့ဘူးလို့ ထီးတော် အသစ် ပြန်လည်တင်နိုင်ဖို့အတွက် ပြင်ဆင်ဆောင်ရွက်နေတဲ့ ရွှေစာရံစေတီဘုရားဂေါပကဥက္ကဋ္ဌဖြစ်သူ ဦးသိန်းဇော်က Travelling ကို ပြောပါတယ် ။
မြန်မာနိုင်ငံမှာ ရွှေစာရံဘွဲ့တော်နဲ့ ထင်ရှားတဲ့ စေတီနှစ်ဆူမှာ မွန်ပြည်နယ် သထုံမြို့ပေါ်မှာ တည်ရှိတဲ့ ရွှေစာရံစေတီတော် (သထုံ) နဲ့ မန္တလေးခရိုင်အတွင်းက ရွှေစာရံ စေတီတော်တို့ ဖြစ်ပါတယ်။
ယခုလက်ရှိမှာ ငလျင်ဒဏ်ကြောင့် မြေခပျက်စီးခဲ့ရသည့် ထီးတော်ပြန်လည်တင်နိုင်ဖို့အတွက်တီတော်ကို ကြံ့ခိုင်မှုရှိ/မရှိ စစ်ဆေးသွားဖို့ ပြင်ဆင်ဆောင်ရွက်နေတာတွေရှိသလို လက်ရှိအနေအထားမှာတော့ ငြမ်းတွေထိုးထားတဲ့အဆင့်ပဲရှိပါသေးတယ်လို့ ဂေါပကဥက္ကဋ္ဌ ဖြစ်သူ ဦးသိန်းဇော်က ပြောပါတယ်။
” စေတီတော်ကြီး ဘယ်လောက်ထိအထိနာသွားသလဲသိရဖို့အတွက် ပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေက စစ်ဆေးသွားမှာပါ။ အခုကတော့ ငြမ်းတွေ ဆင်နေတုန်း ပဲရှိပါတယ်။ ထီးတော်ပြန်တင်ဖို့ကတော့ကြာပါအုံးမယ်။ ထီးတော်ပြန်တင်ဖို့ကိုတော့ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော်က ဦးစီးဆောင်ရွက်ပြီး ထီးတော် ပြန်လည်တင်မှာဖြစ်ပါတယ် “လို့ ၎င်းက Travelling ကိုပြောပါတယ်။

နှစ်စဉ်တပေါင်းလပြည့်နေ့မှစပြီး လပြည့်ကျော် (၈) ရက် အထိ(၉)ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပတဲ့ ရွှေစာရံဘုရားပွဲတော်ဟာဆိုရင် ထန်းရွက်ပုတီးရောင်စုံတွေနဲ့ တမူထူးခြားလှတဲ့ အညာဒေသရဲ့တပေါင်းပွဲတော်တစ်ခုပဲဖြစ်ပါတယ်။
အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသွားဧည့်သည်များ ဖြင့် စည်ကားလွန်းလှတဲ့ ပွဲတော်ကာလဆိုရင် အညာဒေသထွက်ကုန်လက်မှုပစ္စည်းတွေ၊ မြန်မာမုန့်မျိုးစုံနဲ့ ရှမ်းပြည်ထွက်သစ်ဥသစ်ဖုတွေအပြင် ဘုရားပွဲရဲ့ သင်္ကေတတစ်ခုဖြစ်တဲ့ ထန်းရွက်ပုတီးလေးတွေ၊ ထန်းရွက်နဲ့လုပ်ထားတဲ့ လက်မှုပစ္စည်းတွေနဲ့ အညာဒေသထွက် ထုတ်ကုန်မျိုးစုံကို မြင်တွေ့နိုင်ရတဲ့ တစ်ခုတည်းသော ရွှေစာရံဘုရားပွဲတော် ဖြစ်ပါတယ်။

ရွှေစာရံဘုရားပွဲတော်ကို အကြောင်းပြုပြီး ဒေသခံပြည်သူလူထုရဲ့ စားဝတ်နေရေးကိုလည်း အဆင်ပြေစေရုံသာမက အများအားဖြင့် ဘုရားပွဲတော် ရှိခြင်းကလည်း အလုပ်အကိုင် အခွင့်အလမ်းများစွာရရှိစေပါတယ်။ဒါတင် မကသေးပါဘူး ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်းလက်အောက်ရှိပြည်တွင်းခရီးစဥ်ရောင်းချကြတဲ့ကုမ္ပဏီများကလည်း ခရီးစဥ်များထည့်ဆွဲပြီး ခရီးစဥ်တွေကိုရောင်းချကြပါတယ်။
မြန်မာလူမျိုးတွေရဲ့ပင်ကိုယ်စိတ်ဓာတ်တွေက ဘုရားဖူးခရီးထွက်ပြီဆိုရင်မြင်မြင်ရာသမျှစျေးဆိုင်တွေမှာ ကြိတ်ကြိတ်တိုးဝယ်ယူအားပေးပြီးအိမ်ပြန်လက်ဆောင်များကိုတစ်ပွေ့တစ်ပိုက်ဝယ်ယူကြလေ့အမြဲရှိကြပါတယ်။
” ဘုရားပွဲတော်မှာဆိုရင် ဇီးသီးသည်ကအစ စျေးရောင်းကောင်းကြတယ်။ စျေးသည်အကုန်လုံးနီးပါးစျေးရောင်းကောင်းပါတယ်။ ဘုရားပွဲတော်ကာလမှာဆိုရင် တစ်ရက်ကို ငါးသိန်းကနေ ခုနှစ်သိန်းဝန်းကျင်လောက်ထိ အမြတ်ရတယ် ” လို့ အုန်းငှက်ပျောရောင်းချတဲ့ နန္ဒာအောင် က Travelling ကို ပြောပါတယ်။
ငလျင်ဒဏ်ကြောင့် မြေခခဲ့ရတဲ့ သမိုင်းဝင်ရွှေစာရံစေတီတော်ကို ပြန်လည်ထီးတော်တင်လှူဖို့အတွက်လက်ရှိ မှာတော့ အများပြည်သူများကနေ လာရောက် လှူဒါန်း ထားတဲ့ ငွေပမာဏမှာ ကျပ်သိန်းနှစ်ထောင်ကျော် (ဧပြီလ တတိယအပတ်) ရှိပါတယ်။ လာရောက်ပြီးမလှူဒါန်းနိုင်တဲ့ဘုရားဖူးဧည့်သည်များအတွက် Kpay ကနေတဆင့်ဆက်သွယ် လှူဒါန်းနိုင်ပါတယ်လို့ ရွှေစာရံ ဂေါပက ဥက္ကဋ္ဌ ဦးသိန်းဇော်က Travelling ကို ပြောပါတယ်။
” ကျွန်တော်တို့ ဧပြီ(၂ )ရက်နဲ့ (၃) ရက်နေ့မှာ စစ်ကိုင်းနဲ့မန္တလေးကို သွားရောက်ပြီး လှူဒါန်းခဲ့ပါတယ်။ သမိုင်းဝင်ရွှေစာရံစေတီတော် ထီးတော်ပြန်လည်တင်ဖို့အတွက် ၇ ရက်သားသမီးကောင်းမှု ငွေတွေအပါ သိန်း(၁၀၀) နဲ့ စစ်ကိုင်းက ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့တဲ့ပြည်သူတွေအတွက် စုစုပေါင်း သိန်း (၅၀၀) လှူဒါန်းခဲ့ပါတယ် ” လို့ တေဇာဓရဂိုဏ်းမှဆရာ ဦးဥက္ကာကျော် က Travelling ကို ပြောပါတယ်။

လက်ရှိမှာတော့ ဘုရားစောင်းတန်းကို အရှေ့ဘက်မုဒ် နဲ့ တောင်ဘက်ဟော်နန်း ၊ မြောက်ဘက် ဟော်နန်းကိုသာ ဖွင့်လှစ်ထားရှိပြီး အများစုကတော့ ဘုရားလာဖူးရင်းနဲ့ အလှူငွေ ယလာရောက် လှူဒါန်းကြတယ်လို့ မြောက်ဘက်မုဒ် မှာ နေလရောင် အုန်းဌက်ပျောပွဲရောင်းချသူ မနန္ဒာအောင် က Travelling ကိုပြောပါတယ်။
“ဧည့်သည်ကတော့ လာတော့လာတယ်။ ကျဲပါတယ်။ ငယ်ငယ်ကတည်းက ဒီမှာပဲရောင်းတာဆိုတော့ စျေးရောင်းတာလည်း ၁၀ နှစ်ကျော်ပြီ ။ အရင်ကတော့သစ်သီးရောင်းချတာပါ။နောက်ပိုင်းမှ အုန်းဌက်ပျောပွဲရောင်းချဖြစ်ခဲ့တာ။ ပိတ်ရက်ဆိုရင် ဘုရားဖူးလာသူ များ ပါတယ်။ ပိတ်ရက်ကတော့ ဖောက်သည် ရှိလို့ မဆိုးပါဘူး။ တစ်နေ့ကို နှစ် သိန်းကျော်ဖိုးလောက်တော့ ရောင်းရပါတယ် “လို့ ရွှေစာရံဘုရား မြောက်ဘက်မုဒ် မှာ နေလရောင် အုန်းဌက်ပျောပွဲရောင်းချသူ မ နန္ဒာအောင် က Travelling ကို ပြောပါတယ်။
ဘုရားဖူးအများစုဟာ ရွှေစာရံစေတီဆီ လာရောက်ဖူးမြော်ကြပြီး တသွင်သွင်စီးဆင်းနေတဲ့ဒုဋ္ဌဝတီမြစ်ထဲမှာလည်း လှေစီးကြလေ့ရှိပါတယ်။
တပေါင်းလရောက်ပြီဆိုတိုင်း ရွှေစာရံ ဘုရားပွဲတော် ဆီကို သွားရောက်လည်ပတ်ကြတဲ့ ဘုရားဖူးတွေက အစဥ်အမြဲရှိနေဆဲပါ။ ရောက်ဖူးသူကလည်းထပ်ထပ်သွားကြသလို မရောက်ဖူးသူတွေကလည်း သွားရောက်ဖို့အမြဲကြိုးစားလေ့ရှိတဲ့အညာဒေသရဲ့အစည်ကားဆုံးဘုရားပွဲတော်ဖြစ်ပါတယ်။
နှစ်ပေါင်း၉၀၀ ကျော်တိုင်အောင် တည်ရှိတဲ့သမိုင်းဝင် ရွှေစာရံ စေတီ တော်ကြီးရဲ့ အရှိန်အဝါ။ ဘုရားပွဲတော်ရဲ့ သင်္ကေတတစ်ခု ဖြစ်တဲ့ ထန်းရွက်ပုတီး၊ ထန်းရွက်နဲ့ပြုလုပ်ထားတဲ့ လက်မှုပစ္စည်း အညာဒေသထွက် ထုတ်ကုန်မျိုးစုံကို မြင်တွေ့နိုင်ခွင့်ရတဲ့ တပေါင်းလရဲ့ထင်ရှားလှတဲ့ ရွှေစာရံဘုရားပွဲတော်တစ်ခုဖြစ်ပါတယ်။
မည်သို့ပင်ဆိုစေ ငလျင်ဒဏ်ကြောင့်ထီးတော်မြေခ ခဲ့ရတဲ့ရွှေစာရံဘုရားကို ထီးတော်ပြန်တင်နိုင်ဖို့ကြိုးစားဆောင်ရွက်နေပြီး တပေါင်းပွဲတော် ရောက်ပြီဆိုရင် တော့ အစဥ်မပြတ် စည်ကားလှတဲ့ ရွှေစာရံဘုရားပွဲတော် ကြီးကို ပြန်လည်မြင်တွေ့ မြင်ယောင်မိလာတော့မှာဖြစ်ပါတယ် ။

