ယခုနှစ် (၇) လအတွင်း ပုဂံဒေသသို့ လာရောက်ခဲ့သည့် နိုင်ငံခြားသားဧည့်သည်တစ်ထောင်ကျော်ထံမှ ဇုန်ဝင်ကြေး ကျပ်သိန်း (၅၀၀) ကျော် ရရှိ

#Travelling Journal ပုဂံရှေးဟောင်းယဥ်ကျေးမှုဒေသသို့ ယခုနှစ် ၇ လတာ ကာလအတွင်း လာရောက်လည်ပတ်ခဲ့သည့် နိုင်ငံခြားသားခရီးသွားဧည့်သည် (၁၇၇၄)ဦးထံမှ ပုဂံဇုန်ဝင်ကြေး ကျပ်သိန်း (၅၀၀) ကျော် ရရှိခဲ့ကြောင် ...

#Travelling Journal

ပုဂံရှေးဟောင်းယဥ်ကျေးမှုဒေသသို့ ယခုနှစ် ၇ လတာ ကာလအတွင်း လာရောက်လည်ပတ်ခဲ့သည့် နိုင်ငံခြားသားခရီးသွားဧည့်သည် (၁၇၇၄)ဦးထံမှ ပုဂံဇုန်ဝင်ကြေး ကျပ်သိန်း (၅၀၀) ကျော် ရရှိခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှ တာဝန်ရှိသူက Travelling သို့ ပြောသည်။

ယခုနှစ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (၇) လတာ ကာလအတွင်း ဇုန်ဝင်ကြေး ကောက်ခံရရှိခဲ့သည့် ဝင်ကြေးငွေ ဖြစ်ကြောင်းသိရသည်။

ဧပြီလပိုင်းမှ စတင်ဝင်ရောက်ခဲ့သည့်စာရင်းအရ ဧပြီလတွင် (၁၂၉) ဦး ၊ မေလတွင် (၄၅၂) ဦး ၊ဇွန်လတွင် (၂၃၃) ဦး ၊ဇူလိုင်လတွင် (၂၂၆) ဦး ၊ဩဂုတ်လတွင် (၂၀၈) ဦး ၊စက်တင်ဘာလတွင် (၁၃၇) ဦး ၊အောက်တိုဘာ ၂၇ ရက်ထိ (၃၈၉) ဦး စုစုပေါင်း (၁၇၇၄) ဦး ပုဂံဒေသသို့လာရောက်လည်ပတ်ခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှ တာဝန်ရှိသူ က Travelling ကို ပြောသည်။

ပုဂံဇုန်ဝင်ကြေးအနေဖြင့် နိုင်ငံခြားသားဧည့်သည်တစ်ဦးကို မြန်မာငွေကျပ် သုံးသောင်း ​ကောက်ခံထားပြီး လက်ရှိတွင် ဇုန်ဝင်ကြေးကောက်ခံသည့် အဖွဲ့(၄ ) ဖွဲ့ကိုသာ ထားရှိပေးထားနိုင်ကြောင်း သိရသည်။

“အရင်ကတော့ ပုဂ္ဂလိကကို တင်ဒါပေးပြီး
လုပ်ကိုင်ခွင့် ပေးပါတယ်။ နောက်ဆုံးလုပ်ကိုင်ခဲ့တဲ့တင်ဒါအောင်ခဲ့သူက ကိုဗစ်ကာလ အတွင်းမှာ ပြန်အပ်ခဲ့ပါတယ်။ အဲဒီကတည်းက ဆရာတို့ကပဲ ကောက်ခံ တာလုပ်ခဲ့တာပါ။ လက်ရှိ ကတော့ဧည့်သည်အဝင်နည်းတာမို့ တင်ဒါခေါ်ဖို့အစီအစဥ်မရှိသေးပါဘူး။ ခေါ်ရင်လည်း ကုမ္ပဏီတွေအနေနဲ့ လုပ်နိုင်မယ်မထင်ပါဘူး။ ဘာလို့ဆို ဧည့်သည် နည်းတာကြောင့်ပါ “ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှ တာဝန်ရှိသူ က Travelling ကို ပြောသည်။

ထို့ပြင် ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ တနင်္လာနေ့နှင့် အများပြည်သူ ရုံးပိတ်ရက်များ မှအပ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ထားပြီး ပြတိုက်ဝင်ကြေးအနေဖြင့် ပြည်တွင်း ခရီးသွားတစ်ဦးလျှင် ၁၀၀၀ ကျပ်နှုန်း သတ်မှတ်ထားပြီး နိုင်ငံခြားသားတစ်ဦးလျှင် ဝင်ကြေး ၁၀၀၀၀ ကျပ်ကို ထပ်မံ ကောက်ခံကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ် မတ်လကုန်အထိ ပုဂံရှေးဟောင်း သုတေသနပြတိုက်သို့ ပြည်တွင်း ခရီးသွားဦးရေ ကိုးသောင်းကျော်ဝင်ရောက် လေ့လာလည်ပတ်ခဲ့ကြောင်း သိရသည်။