ပြည်တွင်းဘုရားဖူးအသင်း (DPTOA)မှသုံးပါးရတနာ လူမှုကူညီရေးကော်မတီတို့က ရေဘေးသင့် အိမ်ခြေ (၃၃၀)အတွက်ကျပ်သိန်း (၃၀၀) ကျော် တန်ဖိုးရှိ လူသုံးကုန်ပစ္စည်းများနှင့် ငွေသားများ ထောက်ပံ့လှူဒါန်း

#TravellingJournal နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊လှေခွင်းတောင် အနီးတဝိုက်ရှိ ရေဘေးသင့်ကျေးရွာ ဖြစ်သည့် ချောင်းကမ်းကြီးကျေးရွာ၊စည်ပင်ကြီးကျေးရွာနှင့် ညောင်ပင်ကြီးကျေးရွာရှိ အိမ်ထောင်စု (၃၃၀ )အာ ...

#TravellingJournal

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊လှေခွင်းတောင် အနီးတဝိုက်ရှိ ရေဘေးသင့်ကျေးရွာ ဖြစ်သည့် ချောင်းကမ်းကြီးကျေးရွာ၊စည်ပင်ကြီးကျေးရွာနှင့် ညောင်ပင်ကြီးကျေးရွာရှိ အိမ်ထောင်စု (၃၃၀ )အား ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း (DPTOA)မှ သုံးပါးရတနာ လူမှုကူညီရေးကော်မတီတို့က ကျပ်သိန်း(၃၀၀) ကျော်တန်ဖိုးရှိ လူသုံးကုန်ပစ္စည်းများနှင့် ငွေသားများကို ထောက်ပံ့ပေးခဲ့ကြောင်း ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှု အသင်းမှ တွဲဖက်အထွေအထွေအတွင်းရေးမှူး ဦးမျိုးသိန်းကျော်က Travelling ကို ပြောသည်။

အဆိုပါ ရေဘေးသင့်အိမ်ထောင်စုများသို့
ပြည်တွင်းဘုရားဖူးလိုက်ပါသူ ဦးရေ ( ၂၀ )ဝန်းကျင် မှ ကိုယ်တိုင်သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေဘေးအလှူအတွက် ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း (DPTOA)မှ ကွင်းဆင်း လေ့လာကာ ရေဘေးအလှူခရီးစဥ် ဆွဲပြီး အလှူရံပုံငွေ လက်မှတ်တစ်စောင်ကို တစ်ဦးလျှင် ကျပ် (၃၅,၀၀၀) သတ်မှတ်ထားပြီး ရရှိလာသော ရံပုံငွေအလှူများကို လိုအပ်သော ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ၊ အဝတ်အထည်များနှင့်စားသောက်ကုန်များကို ဝယ်ယူခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့အသင်းက ယာဉ်ပိုင်ရှင်တွေက ကားကိုအခမဲ့အသုံးပြုခွင့်ပေးတယ်။ ဆီဖိုးပဲစိုက်ရပါတယ်။ လက်မှတ်ရောင်းရတဲ့ငွေကြေးအကုန်ကို ရေဘေးအလှူထဲ ထည့်ဝင်လှူဒါန်းခဲ့ပါတယ်။ ဒီခရီးစဥ်မှာ လိုက်ပါတဲ့သူတွေကခရီးသွားတွေလည်းဖြစ်သလို သုံးပါးရတနာအဖွဲ့ဝင်တွေဖြစ်ကြပါတယ်။ ပြောရမယ်ဆိုရင် သူတို့ကလည်း DPTOA အသင်းသားတွေပါ”ဟု ဦးမျိုးသိန်းကျော်က Travelling ကို ပြောသည်။

ထို့ပြင် ယင်းခရီးစဥ်အလှူအတွက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကလည်း​စားသောက်ကုန် များကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေဘေးသင့်ကျေးရွာများသို့ Air Con Express မော်တော်ယာဉ်သုံးစီးနှင့် ကားသေး
သုံးစီး စုစုပေါင်း ကားခြောက်စီးဖြင့် ပြီးခဲ့သည့် စက်တင်ဘာ(၂၉ ) က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

Donation

ပုံ-စာ ပြီးခဲ့သည့် စက်တင်ဘာ၂၉ ရက်က ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း (DPTOA)မှ သုံးပါးရတနာ လူမှုကူညီရေးကော်မတီ တို့က လူသုံးကုန်ပစ္စည်းများနှင့် ငွေသားများကို ရေဘေးသင့် ကျေးရွာ ဖြစ်သည့်ချောင်းကမ်းကြီးရှိ ဒေသခံများအား ပေးအပ်လှူဒါန်းနေသည့် မြင်ကွင်းကို တွေ့ရစဥ်။