ရွှေခေါင်းတလားနဲ့မြှုပ်ထားတဲ့ဓာတုကလျာအုတ်ဂူရှာပုံတော်

တိုးဝင်းလွင် မြန်မာတို့ရဲ့ အသည်းနှလုံးလို့ဆိုကြတဲ့ ပုဂံ မြေဟာ ပထမမြန်မာနိုင်ငံတော်ဖြစ်ခဲ့သလို မြန်မာ တို့ရဲ့ ဒုတိယနိုင်ငံတော်ကတော့ တောင်ငူမြို့လေး ပဲဖြစ်ပါတယ်။ တောင်ငူမြို့လေးဟာဆိုရင် သိပ် ပြီး ...

တိုးဝင်းလွင်

မြန်မာတို့ရဲ့ အသည်းနှလုံးလို့ဆိုကြတဲ့ ပုဂံ မြေဟာ ပထမမြန်မာနိုင်ငံတော်ဖြစ်ခဲ့သလို မြန်မာ တို့ရဲ့ ဒုတိယနိုင်ငံတော်ကတော့ တောင်ငူမြို့လေး ပဲဖြစ်ပါတယ်။ တောင်ငူမြို့လေးဟာဆိုရင် သိပ် ပြီးမကျယ်ပြန့်တဲ့ မြို့လေးတစ်မြို့ပဲဖြစ်ပါတယ်။
တောင်ငူဆိုတာနဲ့ အရင်ဆုံးပြေးမြင်မိတာက နတ်သျှင်နောင်နဲ့ ရာဇဓာတုကလျာအကြောင်းကို ပြေးမြင်မိစေမှာပါပဲ။ တောင်ငူမြို့ဟာ ပဲခူးတိုင်း ဒေသကြီးရဲ့ အရှေ့ဘက်အခြမ်းမှာတည်ရှိပါတာမို့ ရန်ကုန်-မန်္တလေးလမ်းဟောင်းကပဲဖြစ်ဖြစ်၊ အမြန် လမ်းကပဲဖြစ်ဖြစ်သွားရောက်နိုင်တဲ့ အားသာချက် တွေရှိပါတယ်။

တောင်ငူမြို့မှာ ရှေးဟောင်းခံတပ်တွေ မြို့ရိုး တံခါးတွေများစွာရှိခဲ့သော်လည်း လက်ရှိအချိန်မှာ တော့ ဒါတွေကို တွေ့မြင်ဖို့ဆိုတာ တော်တော်ရှား သွားပါပြီ။ ခေတ်ကာလအရ ကျိုးကြေနေတဲ့ အုတ် ပုံတွေပဲ မြင်တွေ့နိုင်ရတော့သည်။ ဒါပေမဲ့လည်း ရေအပြည့်ရှိနေသေးတဲ့ ကျုံးတွေ၊ ယခုတော့ ပန်းခြံသဖွယ်ပြုလုပ်ပေးထားတာကို တွေ့မြင်ရ ပါတယ်။

စာရေးသူတို့လည်း အလုပ်ကိစ်္စလေး တစ်ခုအတွက် တောင်ငူကိုရောက်တုန်း ဗီဇအရ ရောက်မှတော့ တောင်ငူမြို့လေးကို ရသလောက် လည်ပတ်ကြည့်ဦးမယ်ဆိုပြီး တည်းခိုတဲ့နေရာက နေ ဆိုင်ကယ်တစ်စီးကို အကူအညီတောင်းလိုက် ပါတယ်။
တကယ်တော့ တောင်ငူနဲ့ ပတ်သက်တာဆို လို့ သံတောင်ကြီးက တိမ်တွေနေတဲ့ အရပ်လို့ တင်စားကြတဲ့ နော်ဘူဘောတောင်နဲ့ ပသိချောင်း ကိုသာ ရောက်ဖူးပါတယ်။ တစ်ခြားခရီးတွေကို တောင်ငူမြို့ကိုသာ ဖြတ်သွားနေတာ တစ်ခါမှ မလည်ပတ်ဖူးကြပါဘူး။

ကိုယ်စိတ်ဝင်တစားသွားချင်တာက မြို့ ဟောင်းတွေ၊ ခံတပ်ဟောင်းတွေပေါ့။ နောက်တစ်ခု စာရေးသူ စိတ်အားထက်သန်သွားချင်တဲ့နေရာက မင်းသမီးရာဇဓာတုကလျာရဲ့ အုတ်ဂူကို သွား ကြည့်ချင်တဲ့စိတ်ပေါ့။ ဒါပေမဲ့ ဘယ်နေရာ ဘယ် ဒေသမှာ ရှိမှန်းမသိတော့ ဟိုမေးဒီမေးပေါ့ …။ တောင်ငူမှာ ဘာတွေရှိမှန်းလဲမသိ။ သွားမယ်လို့ စိတ်ကူးရှိပြီးမှသာ ဘယ်နေရာတွေကို သွားလည် သင့်လဲဆိုတာ ဟိုလူကိုမေး၊ ဒီလူကို အကူအညီ လှမ်းတောင်းနဲ့ပဲ နေ့တစ်ဝက် ကုန်သွားခဲ့ပါတယ်။

ဒီတော့မဖြစ်တော့ချေဘူး။ ရောက်ချင်ရာ ရောက်ဆိုပြီး ထလာခဲ့ပါတယ်။ ဒါနဲ့ပဲ ဆိုင်ကယ် တစ်စီးနဲ့ မြို့ထဲထွက်လာတာ ငါးမိနစ်လောက် မောင်းလိုက်တော့ ကေတုမတီမြို့ကို စတင်တည် ထောင်ခဲ့တဲ့ မင်းကြီးညိုရုပ်တုကြီးကို ထင်းခနဲ တွေ့လိုက်ရပါတယ်။ တစ်ဖက်မှာတေ့ာ ကေတု မတီဆိုတဲ့ မြို့ဝင်မုခ်ဦးကိုတွေ့ရပါတယ်။ ကိုယ် ထင်ထားတာ ဒုတိယမြန်မာနိုင်ငံတော်ခေတ်က ဆိုတော့ ရှေးခေတ်အငွေ့သက်လေးတွေ ခံစားမိ မယ်ထင်ထားတာ။ တကယ်တော့ မြို့ပြသဖွယ် စည်ကားနေပါပြီ။ အရာရာဟာ မြို့ပြဒီဇိုင်းတွေပဲ မြင်တွေ့နေရပါတယ်။ လမ်းဆုံးရင် ရှေးခေတ် အငွေ့အသက်လေးတွေ တွေ့ချင်တွေ့မှာပဲဆိုတဲ့ အတွေးနဲ့ ဟိုကြည့်ဒီကြည့်နဲ့မောင်းလာခဲ့ပါတယ်။

မိနစ်အနည်းငယ်မောင်းပြီးတဲ့အချိန်မှာတော့ သိပ် မကျယ်လှတဲ့ ရေပြင်ကို ခြံစည်းရိုးတွေခတ်ထား တာတွေ့မြင်ရပါတယ်။ အဝေးကကြည့်ရင် ရေ ကန်လိုမျိုးပေါ့။ တကယ်တော့ ရှေးက အသုံးပြု ခဲ့တဲ့ ကျုံးပါပဲ။ ကျုံးလို့သာပြောတာ ကျုံးလို့မထင် ရတော့ပါဘူး။ ထိန်းသိမ်းမှုအားနည်းတာလား၊ သဘာဝက ဖြစ်တည်သလားဆိုတာ ဇဝေဇဝါပါ ပဲ။ ကျုံးရဲ့ တစ်ဖက်မှာလည်း ဟိုတယ်အကြီးကြီး တစ်လုံးကိုဆောက်လုပ်ထားတာကိုလည်း တွေ့ရ ပါတယ်။ စာရေးသူရောက်ခဲ့တဲ့နေရာကတော့ အပန်းဖြေလည်ပတ်လို့ရအောင် ခွင့်ပြုထားတဲ့ နေရာပေါ့။ ဝင်ကြေးတော့ မပေးရပါဘူး။ အများ စုလာကြတာကတော့ ဘုရားဖူးတွေ သိပ်မတွေ့ ရပဲ။ စုံတွဲတွေကိုသာ တွေ့ရပါတယ်။ ဘုရားဖူးတွေ ကို ဆွဲဆောင်စရာလည်း ဘာမှမပြင်ဆင်ပေးထား ဘူးလေ။

ကိုယ်ထင်တာ မြို့ရဲ့ကျုံးဆိုတော့ အားရဝမ်း သာဖြစ်သွားတာတွေတောင် ပျောက်လုနီးပါးဖြစ် သွားတယ်။ ဒါနဲ့ပဲ အမှတ်တရဓာတ်ပုံ လေးရိုက် ပြီးပြန်ထွက်လာခဲ့တယ်။ ပြန်အထွက်မှာ စာရေးသူ အပေါ့သွားချင်ဖြစ်တာကြောင့် မေးကြည့်တော့ Toilet ကရှိတယ်တဲ့ ဒါပေမဲ့ သွားလို့မရဘူးတဲ့။

“ဟ …ကောင်းရောပေါ့” လို့ တစ်ခွန်းသာ ပြောနိုင်ခဲ့ပါတယ်။ သြော် …လိုအပ်ချက်တွေ လိုအပ်ချက်တွေ …။
စိတ်ထဲမှာတော့ ဒုတိယမြန်မာနိုင်ငံတော် ခေတ်က ဆိုတာ ဒါကြီးလားပေါ့။ ကိုယ့်မှာလည်း လည်ပတ်မယ့်နေရာတွေက မသိတာကြောင့် စိတ် ပျက်လက်ပျက်နဲ့ ကြံရည်ဆိုင်မှာ ကြံရည်ထိုင် သောက်နေလိုက်တယ်။

စိတ်ထဲကတေ့ာ မကျေနပ်သေးဘူး။ ရှေး အငွေ့အသက်တွေကို ခံစားချင်သေးတယ်။ ဒါနဲ့ Online ကနေ ဟိုရှာဒီရှာနဲ့ အလုပ်ရှုပ်နေပြန် ရော။ ဒါနဲ့ပဲ မင်းသမီး ရာဇဓာတုကလျာဘက်ကို ရောက်သွားတယ်။ ခရီးသွားအဖော်တစ်ယောက် ကလည်း သူမရဲ့ အုတ်ဂူရှိတဲ့နေရာကို သွားချင် နေတာနဲ့ …ကဲပါ ပြောနေတာကြာတယ် သွား မယ်ဆိုပြီး ထလာခဲ့ပါတယ်။
သွားခါနီး ကြံရည်ဆိုင်က ကောင်လေးကို မေးကြည့်တော ရှိတယ်တဲ့၊ အမြန်လမ်းဘက်နေ သွားရတာ သိပ်မဝေးဘူးဆိုပြီး ပြောတော့ အား တက်သရော ထထွက်လာခဲ့ကြပါတယ်။

ဒါနဲ့ စကားမစပ် တောင်ငူအမြန်လမ်းတစ် လျှောက်မှာ ထန်းရည်နဲ့ ကြွက်ကြော်ရတဲ့ ဆိုင်တွေ ကတော့ မနည်းမနောပါပဲ။ ထန်းရည်ကြိုက်သူ တွေအတွက်ကတေ့ာ ကွက်တိပေါ့။ ထန်းရည်မလတ်ဆက်မှာတော့ မပူရဘူး၊ ဘေးဘယ်ညာက ထန်းတောတွေချည်းပါပဲ …။

၁၅ မိနစ်ကျော်လောက်မောင်းလိုက်တော့ ဆိုင်တစ်ဆိုင်ကို ဝင်မေးကြည့်ပါတယ်။ ဓာတု ကလျာအုတ်ဂူ ဘယ်မှာရှိလဲပေါ့။ အားရစရာပါပဲ မသိဘူးတဲ့။ ကြားလည်း မကြားမိပါဘူးတဲ့ …။ ကောင်းရော …။ ရှေ့ဆက်တိုးရမလို နောက် ပြန်ဆုတ်ရမလိုနဲ့ …။ နယ်ခံကတောင် မသိဘူး ဆိုတော့ ခက်ချေပြီ။

ဇွဲကလည်းကြီးပေ့ဆိုတော့ နည်းနည်းတော့ သွားကြည့်လိုက်ပါဦးမယ်ဆိုပြီး မောင်းလာလိုက် တာ ယာခင်းထဲက ထွက်လာတဲ့ ဒေသခံတစ် ယောက်ကို မေးကြည့်တေ့ာ … ရှိတယ်တဲ့။ ဘယ်မှာလဲတော့ မသိဘူးတဲ့။ တောင်ငူမြို့ရဲ့ တောင်ဘက်စွန်းစွန်းခရေပင်အောက်မှာ မြှုပ် ထားတယ်လို့ ပြောကြတယ်တဲ့။ ဒါပေမဲ့ ရှာမတွေ့ သေးဘူး။ Dead Body ကို ရွှေခေါင်းတလားနဲ့ ထည့်ထားတယ်လို့ပြောပါတယ်။

ဇာတ်လမ်းက အဲ့ကနေစတာပါပဲ …။
နှစ် ယောက်သား မျက်လုံးကိုယ်စီ အရောင်တောက် လာပြီးတော့ မျှော်လင့်ချက်ရောင်ခြည်က သန်းစ ပြုလာပါပြီပဲ ဖြစ်ပါတယ်။ ဒါနဲ့ ကျေးဇူးတင် ကြောင်း ပြောဆိုပြီး အားရဝမ်းသာလေးသံတွေနဲ့ စကားပြောရင်းမောင်းလာတာ တောင်ငူမြို့ အထွက် တိုးဂိတ်ကိုကျော်ပြီး မကြာခင်မှာတော့ မြေသားလမ်းတွေကို စတင်တွေ့ရပါပြီ။ ဒါနဲ့ လမ်း ညွှန်အတိုင်းမောင်းလာခဲ့ကြပါတယ်။

တကယ်တော့ စာရေးသူတို့ရောက်ဖြစ်ခဲ့တာ က တောင်ငူမြို့မဟုတ်တေ့ာပဲနဲ့ တောင်ငူမြို့ကြီး ဟောင်းလို့လည်း ခေါ်သလို ပထမတောင်ငူလို့လဲ ခေါ်တဲ့ ကျေးလက်မြို့လေးကို ရောက်ဖြစ်ခဲ့ပါ တယ်။ ထူးဆန်းထွေလာဘာမှမရှိပေမယ့်။ လမ်း ကတော့ ကျောက်သားတစ်ဝက် မြေတစ်ဝက်နဲ့ ခင်းထားပါတယ်။ တောဓလေ့ရဲ့ အငွေ့သက် အတိုင်းပါပဲ။ လမ်းတစ်လျောက်တော့ အိမ်ခြေ တွေ သိပ်မတွေ့ရပါဘူး။

မထင်မှတ်တဲ့ နေရာသစ် ကို ရောက်ဖြစ်ခဲ့တာကြောင့် ဟိုစူးစမ်းဒီစူးစမ်းနဲ့ မောင်းလာခဲ့တာ ပုဂံမြေက ပုထိုးစေတီတွေနဲ့ ပုံစံတူတစ်ဆူကို လှမ်းမြင်လိုက်ရပါတယ်။ ဒါနဲ့ အားတက်သရော စေတီပုထိုးရှိရာ မောင်းသွားခဲ့ ပါတယ်။
တကယ်တော့ ရေးထိုးထားတဲ့ ကျောက်စာ ကဗ်္ဗည်းအရ ဘုရားတစ်ခုကတော့ တောင်ငူကြီး (ဓညဝတီ) ၁၉ ဆက်မြောက်မင်းမြတ် စောလူး သင်္ခယာ တည်ထားကိုးကွယ်ခဲ့တဲ့ သမိုင်းဝင်မြတ် နိန်္ဒစေတီတော်မြတ်ကြီးပဲ ဖြစ်ပါတယ်။ ကေတု မတီအဦးအစ သမိုင်းဝင်စေတီတော်ကြီးကို ၂၀၁၅ မှာ ပြန်လည်ပူဇော်ထားတာပဲဖြစ်ပါတယ်။ရှေးလက်ရာကတည်ဆောက်ခဲ့တဲ့ ပုံစံမျိုးဆိုပေ မယ့် ရှေးဟောင်းဆိုတဲ့ အငွေ့အသက်ကို မခံစားရ တာတော့ စာရေးသူစိတ်ထဲ စိတ်မကောင်းဖြစ်မိပါ တယ်။ သမိုင်းအထောက်အထားလေးတွေ သိလို သိငြား စေတီအတွင်းဝင်ကြည့်မိတော့လည်း ရှေး လက်ရာတွေတော့မှန်ပေမယ့် နံရံတွေကအစ ရှေးက အငွေ့အသက်တွေ ပျောက်ဆုံးနေတာ တော့ အမှန်ပင် …။ မြို့ထဲမကျလို့ လူသူသိပ် မရောက်လောက်ဘူးထင်တာ။ လာကြပါတယ်။ ကျောင်းသူ/ကျောင်းသားလေးတွေပေါ့။ သမိုင်း စိတ်ဝင်စားလို့တော့ မဟုတ်ဘူးထင်ပါတယ်။ ဘာ လို့ဆို နေရာအစုံ Selfie တွေ ဆွဲနေကြတယ်။ စာရေးသူလည်း အမှတ်တရဓာတ်ပုံရိုက်ပြီး ပြန် ထွက်လာခဲ့ပါတယ်။

နောက်ထပ်တစ်ဆူလည်းရှိသေးတာကြောင့် ထပ်ပြီးတော့ ခြေဆန့်ခဲ့ပါတယ်။ နောက်ထပ်သွား တယ်ဘုရားကတော့ ရွာတွေကို ဖြတ်ပြီးသွားရ တာပဲဖြစ်ပါတယ်။ ရွာအဝင်လမ်းမှာတော့ ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနရဲ့ သတိပေးတားမြစ်ချက် ဆိုင်းဘုတ်နဲ့ တစ်ဖက်မှာ တောင်ငူကြီးဆိုတဲ့ ရွာဆိုင်းကို တွေ့ရ ပါတယ်။ ခုမှဆက်စပ်မိတော့တယ်။ တကယ် တော့ တောင်ငူကြီးဆိုတာာ ပထမဆုံးစတည်တဲ့ မြို့လို့ခေါ်မလား ရွာလို့ပဲခေါ်မလား တစ်ခုခုပေါ့။ သေချာတာတော့ ပထမတောင်ငူကြီးလို့လည်း ခေါ်တယ်။ ခုလက်ရှိ တောင်ငူလို့ခေါ်တွင်တဲ့ မြို့က ဒုတိယမှတည်ခဲ့တာဖြစ်ဖို့များတယ်။ လမ်း ကတော့ တောလမ်းဖြစ်တာကြောင့် ကားလမ်း ထက် လှည်းလမ်းဆိုရင် ပိုမှန်ပါလိမ့်မယ်။

နောက်ထပ် ဘုရားတစ်ဆူကတော့ ကေတု မတီ(တောင်ငူ)မြို့ကိုတည်တဲ့ မဟာသီရိဇေယျ သူရဘွဲ့ခံ မင်းကြီးညိုတည်ထားကိုးကွယ်ခဲ့တဲ့ သမိုင်းဝင်စည်းခုံကြီးစေတီတော်မြတ်ကြီးပဲ ဖြစ် ပါတယ်။ သမိုင်းကို ပြောပြရမယ်ဆိုရင် ကောဇာ သက်္ကရာဇ်(၈၄၇)ခုနှစ် (အေဒီ ၁၄၈၅)တွင် မင်းကြီးညိုသည် ယောက်္ခမတော် မင်းစည်သူအိမ်ရာတွင် စည်းခုံကြီးစေတီတော်မြတ်ကြီးကို စတင်တည်ထားကိုးကွယ်ခဲ့တာ ဖြစ်ပါတယ်။ ရာသီဥတုနဲ့ ခေတ်ကာလကြာမြင့်လာတော့ စေတီ တော်ကြီးသည် ထီးတော်မှအစ လုံးပတ်တော် အစိတ်အပိုင်းအချို့ မြေခသည်အထိ ပျက်စီးယို ယွင်းသွားခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်မို့ တောင်ငူခေတ်သမိုင်းရဲ့ သင်္ကေတဖြစ်တဲ့အတွက် သက်ဆိုင်ရာသာသနာရေး၊ အုပ်ချုပ်ရေးမှ တာဝန် ရှိသူတွေနဲ့ လျှောက်ထားညှိနှိုင်းပြီးတော့ တောင်ငူ ခေတ် ဗိသုကာလက်ရာတွေ ပေါင်းစပ်မှုတို့နဲ့ ၂၀၀၉ ခုနှစ်မှာ CB ဘဏ်အုပ်စုကနေ ပြန်လည် ပြုပြင်တည်ထားတာလို့လည်း သိရပါတယ်။ ဒီ စေတီတော်က ရွာအတွင်းပိုင်းမှာရှိတာကြောင့် သစ်ရိပ်တွေနဲ့ အေးချမ်းမှုရှိပါတယ်။ လာရောက် သူတော့ နည်းပါးတာကိုတွေ့ခဲ့ရတယ်။

စာရေးသူတို့လည်း လည်ပတ်စရာလည်းကုန် ပြီဖြစ်တာမို့ ရာဇဓာတုကလျာရဲ့ အုတ်ဂူရှိရာ ဘက် စိတ်က တစ်ဖန်လှည့်လာပါတော့တယ်။ ရောက်မှတော့ သွားမယ်ပေါ့။ တောင်ငူကို ဒေသခံ မေးကြည့်တော့ ရွှေကူရွာဘက်မှာရှိတယ်လို့ ညွှန် လိုက်တာကြောင့် စည်းခုံကြီးစေတီတော် ဒေသခံ ကို ထပ်မေးကြည့်တေ့ာ ရယ်ပြုံးပြုံးနဲ့ ဖြေရှာတယ် ..ရွှေကူရွာကတော့ နီးပြီတဲ့ ဘာသွားလုပ်ဖို့လဲလို့တော့မေးတယ်။ ကိုယ်ကလည်းမပွင့်မလင်းဖြေ လိုက်တယ် ..သွားလည်မလို့ပေါ့။ ဒေသခံက တေ့ာ ပြောပါတယ်။ ဘာမှတော့မရှိဘူးတဲ့ မသွား ရင်မသွားနဲ့ပေါ့။

ဒါလည်းမရဘူးသွားမှာပဲဆိုပြီး စေတီဘေးက ရွာလေးအတိုင်းဆင်းခဲ့တယ်။ ခဏလောက်မောင်း ပြီးအကြာ နွံအိုင်လိုမျိုးတစ်ခုတွေ့တေ့ာ ရှေ့ဆက် မရတော့ပဲ လှည့်ပြန်ခဲ့ရတယ်။
ပြန်သာလာခဲ့ရတယ်၊ စိတ်ထဲက မလျှော့ချင် သေးဘူး။ နောက်လမ်းရှိမှာပဲလို့ တွေးမိတယ်။ ဒါနဲ့ လာရာလမ်းအတိုင်းပြန်မောင်းလာပေမယ့် စိတ် မှာထဲတော့ အခဲမကြေသေးဘူး။ ဆိုင်ကယ်မောင်း လာရင်း ပါလာတဲ့အဖော်ကို ထပ်မေးလိုက်တယ်။ ပြန်တော့မယ်ဆိုတော့ အသံထွက်မလာဘူး။ ဒါနဲ့ သွားချင်လို့လားဆိုတော့ ဇွဲမလျှော့ချင်တဲ့လေသံ နဲ့ ပြန်ပြောတယ် အင်း ..ရှိလောက်မယ်တဲ့ သွား တေ့ာသွားချင်တယ်တဲ့။ ဒါနဲ့မထူးဘူး မရောက်မ ချင်းတော့ အဖြေသိမှာမဟုတ်လောက်ဘူး။ ရောက်မှ အဖြူအမည်းကွဲကွဲပြားပြား သိမှာဆိုပြီး တော့ ဆိုင်ကယ်ကို ပြန်ကွေ့လာတယ်။ လမ်း တစ်ဝက်လောက်ကျတော့ ဒေသခံဦးကြီးတစ် ယောက်ကို မေးကြည့်တာ သူလည်း ခပ်ပြုံးပြုံးနဲ့ ပြန်ဖြေတယ်။ ဒါတွေက ရာဇဝင်မှာတောင် ဘယ် သူမှမသိဘူးတဲ့လေ။ ဘာမှမရှိဘူး …မသွားရင် မသွားနဲ့လို့တားတယ်။ ဒါပေမဲ့ လမ်းတော့ ညွှန် ပေးလိုက်ပါတယ်။

ဒါတောင် ကိုယ့်စိတ်ထဲမှာ ရယ်စရာအတွေး က ဝင်လာသေးတယ်။ ဒါတွေက ကိုယ့်ကို ဟန့် တားနေတာပဲ …မရောက်ရောက်အောင်သွား မယ်တဲ့ …။

ကဲ …လမ်းသိတော့ စတင်ခရီးဆက်ပြီ ပေါ့။ လမ်းကတော့ သိပ်မဝေးပါဘူး ၁၀ မိနစ် လောက်ပဲ မောင်းရပါတယ်။ ဒါပေမဲ့ ဆိုင်ကယ် လမ်းမဟုတ်ဘူး လှည်းလမ်း၊ မိုးတွင်းမဟုတ်တော့ သဲက လက်လေးလုံးစာလောက်ကို မြှုပ်တယ်။ သြော် …အဲ့လောက်တောင် ခက်ခက်ခဲခဲသွားရ တယ်။ လူဆို စကားတပြောပြောတောင် မမောင်း နိုင်ဘူး။ တစ်ချို့လမ်းတွေမှာဆို အသက်တောင် အောင့်ပြီး မောင်းရတာတွေရှိတယ်။ ဘီးချော်ကျ သွားမှာစိုးလို့ …။ ရွာထဲဝင်တော့ အိမ်ခြေတွေ သိပ်မတွေ့ရဘူး။ ဒေသခံတွေ့လို့မေးကြည့်တော့ ပြုံးပြီးတော့ကြည့်ပြီး ပြောရှာတယ်။ အန်တီတစ် ယောက်ကတော့ အားရဝမ်းသာပြောပါတယ်။ အဲ့အပေါ်မှာ ရွှေကူစေတီရှိတယ်တဲ့ …နေလို့ ကောင်းတယ် အေးနေတာပဲတဲ့လေ။

ဒါနဲ့ ဆက်သွားလိုက်တာ ရွာဦးစေတီလိုမျိုး ကို တွေ့ရပါတယ်။ (၂)ပေနဲ့ (၃)လောက်ရှိတဲ့ အုတ်ခံပေါ်မှာ ကိုးတောင်စေတီကို တည်ထား တာတွေ့ရတယ်။ နောက်ပြီး ဇရပ်လေးတစ်ခုပေါ့။ တောင်ကုန်းဆိုပေမယ် သိပ်မမြင့်ပါဘူး။ တစ်ဖက် ကနေ လှမ်းကြည့်လိုက်ရင်တော့ စိုက်ခင်းတွေကို တွေ့ရပါတယ်။ ကိုယ်လည်း ဟိုကြည့်ဒီကြည့်နဲ့ ခက်ခက်ခဲခဲလာရတော့ ရှာဖွေတာပေါ့။ မတွေ့ တဲ့အဆုံး အမောခဏဖြေပြီး တောင်ကုန်းဘေးက ဘုန်းကြီးကျောင်းခဏဝင်ပြီး ဆရာတော်ကို လျှောက်ထားမေးမြန်းကြည့်တော့ ဆရာတော် လည်း မသိဘူးတဲ့။ တိတိကျကျလည်းမသိဘူးပေ့ါ။ ဒါပေမဲ့ ရွှေကူရွာမှာတေ့ာ မြို့စတည်ကတည်းက နေထိုင်လာကြတဲ့သူတွေပဲ ကျန်တော့တာတဲ့။ တစ်ခြားသူတွေက တစ်ခြားရွာတွေကို ပြောင်း ကုန်ကြပြီတဲ့။ ရွှေကူရွာမှာ အိမ်ခြေနှစ်ဆယ် လောက်ပဲ ရှိကြတော့တယ်တဲ့။ ဒါပေမဲ့ နေတဲ့သူ တွေက ရှေးခတ်အဆက်ဆက်မပြောင်းမရွေ့ပဲ နေ လာကြတဲ့သူတွေတဲ့။ ဆရာတော်က ပြောပါသေး တယ်။ ဒီရွှေကူရွာက ရှေးခေတ် ပျူရွာကြီးတစ်ရွာ ဖြစ်ပါတယ်လို့ မိန့်ကြားပါတယ်။ တစ်ချို့ဆို အရိုး ပြာအိုးတွေကို အိမ်ရှေ့မှာထားတာတွေတောင် ရှိတယ်။ စိတ်ထဲတွေးမိလိုက်တယ်။ ဒီတစ်ခုတော့ ရှေးဟောင်းအငွေ့အသက်ကျန်နေသေးတာပဲလို့။

မြန်မာနိုင်ငံမှာ သမိုင်းသာရှိပြီး မျက်မြင် မတွေ့ရဖူးသေးတဲ့ သမိုင်းအမွေအနှစ်တွေများစွာ ရှိလို့နေပါသေးတယ်။ ဒီလိုရှေးဟောင်းအမွေအနှစ် တွေကို ရှေးဟောင်းသုတေသနနှင့် ယဉ်ကျေးမှု ဦးစီးဌာနအနေဖြင့်လည်း ပြန်ပြီးတော့ဖော်ထုတ် ပေးသင့်တယ်လို့ ထင်မြင်မိပါတယ်။

ကဲ ကိုယ်လုပ်ချင်တဲ့အရာ …ကိုယ်ရောက် ချင်တဲ့နေရာကို ရောက်ပြီးသွားတဲ့သကာလ စိတ် ထဲလည်းကျေနပ်မှုရှိသွားပြီဆိုတော့ ဆရာတော် တိုက်လိုက်တဲ့ မရှိမဲ့/ရှိမဲ့ကော်ဖီထုတ်ကို ဖျော် သောက်ပြီးတဲ့နောက်မှာတော့ လာရာလမ်းအတိုင်း လှည့်ပြန်ခဲ့ပါတော့တယ်။

လမ်းတစ်လျှောက် စိတ်ထဲမှာတော့တွေးတွေး ပြီး ပြုံးမိနေပါတယ်။ ခုမှကိုယ့်လမ်းညွှန်မေးလိုက် တိုင်းဖြေပေးကြတဲ့ ဒေသခံတွေရဲ့ အပြုံးတွေကို နားလည်မိလာတယ်။ သူတို့စိတ်ထဲတော့ တစ်ခုခု တွေးမိပြီး ပြုံးမိမှာပဲနော်။ ကိုယ့်ကိုယ်ကိုလည်း ခုမှ ရယ်မိပါတယ်။ ဘာပဲဖြစ်ဖြစ် ဓာတုကလျာအုတ်ဂူ ရှာပုံတော်ကတော့ စိတ်ထဲမကျေမချမ်းနဲ့ လက် လျှော့လိုက်ရပါတယ်။
ဒါပေမဲ့လည်း …ပါးစပ်ရာဇဝင်တွေအရ တောင်ငူမြို့ရဲ့ တောင်ဘက်စွန်းစွန်း ခရေပင် အောက်မှာပဲဖြစ်ဖြစ်၊ တောင်ငူမြို့တစ်နေရာရာ မှာပဲဖြစ်ဖြစ်၊ နောက်ပြီး တောင်ငူကြီးလို့ ခေါ်တဲ့ ဓညဝတီက စာရေးသူ သွားခဲ့တဲ့ ရွှေကူစေတီ အောက်မှာ မြှုပ်ထားတာပဲဖြစ်ဖြစ် ရွှေခေါင်း တလားနဲ့ ထည့်မြှုပ်ထားတဲ့ ဓာတုကလျာရဲ့ အုတ် ဂူလေးကတော့ ကေတုမတီမြို့လေးရဲ့ တစ်နေရာ ရာမှာ ပြန်လည်တူးဖော်လို့ မတွေ့မချင်း ထာဝရ ငြိမ်းချမ်းစွာ တည်ရှိနေဦးမှာပါပဲလို့ တွေးမိရင်း တောင်ငူကြီးမြို့ဟောင်း(ဓညဝတီ)ကနေ ပြန်လာ ခဲ့ပါတော့တယ် …။

Travelling_Journal
Vol_1_Issue_8
Special_Story
Photo_Toewinlwin