သတိုးလွင် (ပထဝီ၀င်)
“ တယောက်တနေရာစီဝေးရာ ….. ပိတောက်နဲ့ ချယ်ရီမြေမှာ .. သီချင်းစာသားအတိုင်း ပိတောက်မြေ အမိမြန်မာပြည်သို့ ချယ်ရီပန်းများ ပွင့်လန်းရာ အရှေ့ဖျားမှ ခရီးသွားဧည့်သည်များ လာဖို့ရာ မနှစ်ကစ၍ အရှေ့မျှော်ဝါဒ ( Look East Policy) ကျင့်သုံခဲ့သည် မဟုတ်ပေလော) .
၂၀၁၈ခုနှစ် သြဂုတ်လအတွင်း ဟိုတယ်နှင့်ခရီးသွာလာရေး၀န်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် မှ ဦးဆောင်ကာ ၂၀၁၈-၂၀၁၉ခုနှစ်အတွင်း ဂျပန်၊ကိုရီးယား၊တရုတ်နှင့် အာဆီယံနိုင်ငံများနှင့် ဥရောပနိုင်ငံများမှ ခရီးသွား ဧည့် သည်များ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်လည်ပတ်နိုင်စေရေးအတွက် Tourism Promotion များ လုပ်ဆောင်နိုင်ရန်အတွက် ကော်မတီ (၆)ခုဖွဲ့စည်းခဲ့ပါသည်။ စာရေးသူသည်လည်း မြန်မာ-ကိုရီးယားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့ ၏ ခေါင်းဆောင် အဖြစ် ဦးဆောင်ရန် တာ၀န်ပေးခြင်းခံရလေသည်။ နိုင်ငံများစွာမဟုတ်ဘဲ ကိုရီးယား တစ်နိုင်ငံ တည်း ကိုသာ တာ၀န်ပေးခြင်း ခံရသဖြင့် အနည်းငယ် စိတ်သက်သာရာ ရခဲ့ပြီး ကိုရီးယား market ကို အဓိက လုပ်ဆောင်နေသည့် ခရီးသွား ကုမ္ပဏီများအဖွဲ့၀င် အဖြစ်ပါ၀င် နေခြင်းကလည်း စာရေးသူအဖို့ အားအင်တစ်ခုဖြစ်ထွန်းစေခဲ့သည်။
ဘူဆန်ခရီးသွားပွဲမှအစ
“Train To Busan “ ဆိုတဲ့ နာမည်ကျော် ကိုရီးယား ရုပ်ရှင် သွေးစုပ်ဖုတ်ကောင် ဇာတ်လမ်းကြည့်ခဲ့ဖူးပါတယ်. ဘူဆန်ကို စာရေးသူ တစ်ခေါက်ရောက်ခဲ့ဘူးပါတယ်. ၂၀၁၆ ခန့်ကဖြစ်ပါတယ်. ဘူဆန် ရုပ်ရှင်ပွဲတော် ကျင်းပရာ ရုပ်ရှင်ထုတ်လုပ်ရာ ကိုရိးယား ဟောလိဝုဒ် လို့ဆိုရင် မမှားနိုင်ပေ။ ယခုတဖန် ဘူဆန်နိုင်ငံတကာခရီးသွားပြပွဲ Busan International Travel Industry Fair သို့ မြန်မာနိုင်ငံပြခန်း ပြသဖို့ အချိန်(၂)ပတ် အလိုမှာ ဟိုတယ်နှင့် ခရီးသွားလာရေး၀န်ကြီးဌာနမှ မိမိအဖွဲ့ထံသို့အကြောင်းကြား ခဲ့ပါတယ်။ ရတဲ့အချိန် … ရနိုင်မဲ့ဘတ်ဂျတ် (US 3000 )နှင့် မြန်မာပြည်မှ တခမ်းတနားဖြင့် ပြသဖို့ရာ မလွယ်ကူ လှပေ။ သို့သော် မိမိကို ယုံကြည်မှုတစ်ခုဖြင့် တာ၀န်ပေးပြီဆိုတော့လည်း ရှိသည့် Resource ဖြင့်ရအောင် ကြိုးပမ်းခဲ့ကြရာ မြန်မာပြခန်းအနေဖြင့် The Best Tourism Publicity Award ဆုရရှိခဲ့ပါသည်။ ဖြစ်မြောက်အောင် စွမ်းဆောင်နိုင်ပေးခဲ့သော UMTA မှ ကိုစံလှဖုန်း၊ မြန်မာ-ကိုရီးယား ခရီးသွားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ အတွင်းရေးမှုး ကိုသူရိန်စိုးမြင့် တို့နှင့် နောက်တန်းမှ ပံ့ပိုးကူညီခဲ့သူအားလုံး ကို ဂုဏ်ယူစွာ ကျေးဇူးတင်မိခဲ့သည်။
ဗီဇာကင်းလွတ်ခွင့် ကြိုးပမ်းမှု
၂၀၁၈ဘူဆန်ပြပွဲသို့ စာရေးသူ မလိုက်ဖြစ်ကခဲ့ပေ။ ဖီလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပသည့် ACSN ဘုတ်အဖွဲ့ အစည်းအဝေး နှင့် တိုက်ဆိုင်နေ၍ မိမိတို့ အဖွဲ့မှ ကိုယ်စားလှယ်(၂)ဦး ကြိုတင်သွားရောက်ပြသပြီး Tourism Forum ဆက်လက်တက်ရောက် ခဲ့သည်။ ၂၀၁၈ အောက်တိုဘာလ(၁)ရက်နေ့မှ စ၍ Look East Policy အရ ဂျပန်၊ကိုရီးယား၊မကာအို၊ ဟောင်ကောင်တို့ကို ဗီဇာကင်းလွတ်ပေးရန် ကိစ္စ ၊ဘူဆန်ပြပွဲတွင် စတင် အသိပေးကြေငြာနိုင်ခဲ့သည်။ ဒေသခံ ကိုရီးယား ပညာတောင်သင် မြန်မာကျောင်းသား/သူများ ၊ ဘူဆန်ရှိမြန်မာ ဘုန်းကြီးကျောင်းနှင့် ဘူဆန်ရှိ မြန်မာအလုပ်သမားများမှ ပြပွဲတွင် လာရောက် ကူညီခဲ့သဖြင့် “မြန်မာ‘‘ ဆိုတာပိုသိခဲ့ပြီး သွားချင်ရင် ဗီဇာမလိုဟု ခေါင်းထဲစွဲသွားနိုင်ရန် ကိုရီးယားဘာသာ စကားဖြင့် message ပေးနိုင်ခဲ့သည်။
၂၀၁၈ ခုနှစ်၊စက်တင်ဘာ(၁၄ ရက်မှ ၁၉ရက်အထိ )ကျင်းပသော Seoul UNWTO အစည်းအဝေးပွဲအား စာရေးသူနှင့် ဟိုတယ် နှင့်ခရီး သွား လာရေး ၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှုးချုပ်ဖြစ်သူ ဦးမြင့်ထွေးတို့ တက်ရောက်ဖြစ်ခဲ့သည်။ ထိုပွဲတွင် Tourism Forum ၌ ခရီးသွားဗီဇာ ကင်းလွတ်ခွင့်ပြုကြောင်း အခါအခွင့်သင့်တုန်း ကြေညာပြောဆိုနိုင်ခဲ့သည်။ အစိုးရဘတ်ဂျတ်ဖြင့် DDG တစ်ဦးတည်းသာ ခွင့်ပြုသဖြင့် ကုန်ကျစရိတ် အားလုံးအိပ်စိုက်ခဲ့ရသည်။ ထိုစဉ်က ၂၀၁၇ ကိုရီးယားခရီးစဉ် ၀င်ရောက်မှု ( ၆၀၀၀၀) မှ ၂၀၁၈တွင် ၉၀% ၊(၇၀၀၀) ကျော် အထိ ထူးခြာစွာ တိုးတက်လာခဲ့သည်။ ၂၀၁၉ နှစ်ဆန်းပိုင်းတွင် ၂၀၁၈ ၀င်ရောက်မှုနှင့် နှိုင်းယှဉ်လျင် မြန်မာနိုင်ငံသို့ ၀င်ရောက်မှု တစစတိုးတက်လာခဲ့သည်။ ပျမ်းမျှလစဉ် ၉၀%ခန့် ၀င်ရောက်မှု တိုးတက်လာခဲ့သည်။ ထို့ အတွက် ရှေ့ဆက်လုပ်ရန် လုပ်ငန်းစဉ်မှာRoad Map ကို နှစ်ဘက်နိုင်ငံ သံတမန်များဖြင့် ပူးပေါင်း ကူ ညီမှုဖြင့် Visa ကင်းလွတ်ခွင့် ပြုသည့်နေ့မှ ကိုရီးယားနေ့ (၉.၃.၂၀၁၉) နှင့် မြန်မာညနေခင်းထိ ဆက်တိုက်ကြိုး ပမ်း ဆောင်ရွက်မှု များမှာ မှတ်တိုင်တစ်ခုပင်တည်း။
အောက်တိုဘာ(၁)ရက်နေ့အမှတ်တရများ
ရန်ကုန်မင်္ဂလာဒုံလေဆိပ်တွင် မနက်မိုးလင်းကတည်းက ပြည်ပဆိုက်ရောက်ခန်မက တစ်ခုလုံးပျားပန်းခပ် လှုပ်ရှားလျှက်ရှိသည်။ ကျောက်ဆည်ဆင် အကအဖွဲ့များ၊ ပန်းကုံးဖြင့် ကြိုမည့် လှပျိုးဖြူများ ၊ ဌာနဆိုင်ရာအသင်းအဖွဲ့များမှ တာ၀န်ရှိပုဂ္ဂိုလ်များနှင့် သံတမန်များ အပါအ၀င် ခရီးသွားလုပ်ငန်းဝိုင်းတော်သားများဖြင့် အထူးစည်ကားလျှက်ရှိသည်။ နံနက်ပိုင်း ၁၀နာရီခန့်တွင် တရုတ်နိုင်ငံမှ လေယာဉ်တစ်စီး စတင်ဆိုက်ရောက်လာပြီး ကြိုဆိုပြီးနောက် ဟိုတယ်နှင့်ခရီးသွားလာရေး၀န်ကြီး ဦးဆောင်သော တာ၀န်ရှိသူများမှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောပြီး ပထမဆုံးလာရောက်သော တရုတ်နိုင်ငံမှ ခရီးသွား ဧည့်သည်များကို စံပယ်ပန်းကုံး၊ မြန်မာ့ရိုးရာစောင်းကောက် လက်ဆောင်ပစ္စည်းများဖြင့် ကြိုဆိုကြသည်။
ထိုနေ့ကား ၂၀၁၈ခုနှစ်၊အောက်တိုဘာလ(၁)ရက် ကိုရီးယား၊ဂျပန်၊မကာအို၊ဟောင်ကောင်နိုင်ငံသားများကို ပြည်၀င်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပေးပြီး တရုတ်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသည်များ ဆိုက်ရောက်ဗီဇာ (Visa On Arrival)စတင်ပေးအပ်သော နေ့ဖြစ်လေသည်။
နံနက်ပိုင်း ဖွင့်ပွဲအခမ်းအနားတွင် မမျှော်လင့်သော အဖြစ်အပျက်တခု ကြုံတွေ့ခဲ့သည်မှ လွဲ၍ အဆင်ပြေချောမောခဲ့သည်။ လေဆိပ်ရှိ Aero Drone အဖွဲ့မှလည်း လေဆိပ်စားသောက်ဆိုင်တွင် ဘူဖေးနေ့လည်စာဖြင့် ဧည့်ခံခဲ့သည်။ ညနေ(၃)နာရီတွင် ဂျပန်လေကြောင်း ANA ဆိုက်ရောက်ခဲ့ရာ ဂျပန်ခရီးသည် ၁၀၀ကျော် Visa Free စတင်ပေးခဲ့ပြီး ဂျပန်ဒီဇိုင်းပညာရှင်၏ Myanmar Be Enchanted Mascot ဇီးကွက်ရုပ်ပေးအပ်ခဲ့ပါသည်။
ည(၁၀)နာရီခန့်တွင် ကိုရီးယားလေယာဉ် Korea Air ဖြင့် ခရီးသည် ၂၀၀ခန့် ပါ၀င်ပြီး Visa Free ပေးခဲ့သည်။ ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးနှင့် ကိုရီးယားသံအမတ်ကြီး တို့ ကိုယ် တိုင် ညဉ့်နက်သည်အထိ လာရောက်အားပေးကြိုဆိုခဲ့သည်။ “အမှတ်တရ October (၁)ရက် “ နေ့ပင်ဖြစ်ပါလေ တကား။
Daisy Park ရဲ့ကိုရီးယားဇာတ်လမ်းတွဲ
စာရေးသူတို့ ၂၀၁၈ စက်တင်ဘာလအတွင်း တောင်ကိုရီးယားနိုင်ငံဆိုးလ် ရောက်ခဲ့စဉ် ကိုရီးယား Travel Blogger / Country Representative တစ်ဦးဖြစ်သူ ကိုရီးယားလှပျိုမေ Daisy Park မှာ ဟိုတယ်သို့ လာရောက်တွေ့ဆုံခဲ့သည်။ ဒုတိယညွှန်ကြား ရေးမှုးချုပ် ဦးမြင့်ထွေးနှင့် အတူ နှစ်နိုင်ငံအပြန်အလှန် ခရီးသွားကဏ္ဍ တိုတက်ရေး ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံသို့ FAM Trip လာရောက်ရန် ဖိတ်ကြားခဲ့သည်။
ဗီဇာကြေးမကင်းလွတ်ခင် စက်တင်ဘာလအတွင်း Travel Reporter တစ်ဦးနှင့်အတူ မြန်မာနိုင်ငံသို့ (၅)ညအိပ် (၄)ရက်ခရီးစဉ် ကို FAM Trip အနေဖြင့် လာရောက်ခဲ့သည်။ ပြည်တွင်းစရိတ်ငြိမ်း ကျခံပေးခဲ့ရသည်။ ဟိုတယ် ၊ စားသောက်ဆိုင် ၊လေယာဉ်၊ကား စသည်ဖြင့် နံပါတ်စဉ်အလိုက် ပံ့ပိုးကူညီမှုပြုခဲ့ရသည်။ Daisy Park သည် အင်ဒိုနီးရှားနိုင်ငံရဲ့ Brand Manager အဖြစ်တာ၀န်ယူ Promote ပေးခဲ့ပြီး နောက်ပိုင်း မြန်မာနိုင်ငံအပေါ် ကိုရီးယားတွေ လာရောက်စေရေး များစွာအ ထောက်အကူ ဖြစ်စေသည်။ သူမလို Professional မျိုးကို Tourism Brand Promoter အဖြစ်ခန့်အပ်ရန် ကြိုးပမ်းခဲ့သော်လည်း ဌာန၌ ဘတ်ဂျက်ကန့်သတ်ချက် ၊မူဝါဒတချို့ကြောင့် Brand Promoter မခန့်အပ်နိုင်ခဲ့ပေ။ သို့သော် Daisy Park ၏ proposal တွင် ပါ၀င်ခဲ့သည့် လုပ်ငန်းစဉ်များ ၊ ဥမာ – Low Cost Carrier (LCC) လေကြောင်းပြေးဆွဲရေး လုပ်ငန်းစဉ်လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်လျှက် ရှိပါသည်။
အာဆီယံရိုးရာအစားအစာပွဲတော်
၂၀၁၈ခုနှစ်၊ နို၀င်ဘာလ ၂၈ ရက်နေ့ ၊ကိုရီးယား၌ဆောင်းဦးရွက်ကြွေ နှင်းရနံ့လေးပြေလေအေး တိုက်ခတ်စဉ်ကာလ ဆိုးလ်မြို့သို့ တခေါက်ရောက်ခဲ့ပြန်လေပြီ။ ဒီတခေါက်တော့ ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနမှ ပြည်ထောင်စု၀န်ကြီး ဦးအုန်းမောင် အား ASEAN Korea Center ( AKC) ၏ အတွင်းရေးမှုးချုပ်ဖြစ်သူ H.E Lee Hyuk ၏ ဖိတ်ကြားချက်အရ အာဆီယံရိုးရာ အစားအသောက်ပြပွဲ၊ပြိုင်ပွဲသို့ တက်ရောက်ရန် လာခဲ့ခြင်းဖြစ်သည်။ စာရေးသူတို့အဖွဲ့ ဆိုလ်းမြို့ရှိ Lotte Hotel တွင်တည်းခိုပြီး ASEAN Korea Center Culinary Festival ပြခန်း နေရာသို့ ရောက်ရှိခဲ့ပါသည်။ အာဆီယံနိုင်ငံအလိုက် Noodle Base ခေါက်ဆွဲ အခြေခံအစားအစာ၊အချိုပွဲ(ရိုးရာမုန့်)နှင့် မြန်မာ့လက်ဖက်ရည်တို့ဖြင့် ဧည့်ခံခဲ့ပါသည်။
မြန်မာပြခန်းမှာ တော့ ကိုရီးယားနိုင်ငံတွင် ဖွင့်လှစ်ထားသော အင်းဝြမန်မာစာသောက်ဆိုင် ပိုင်ရှင် ဦးဝိုင်းနှင့် ဒေါ်ခင်၀င်းမြင့်တို့ အဖွဲ့မှလည်း နန်းကြီးသုတ်နဲ့ ရွှေကြည် ဆနွင်းမကင်း ချက်ပြုတ်ပြင်ဆင် ကျွေးမွေးခဲ့ပါသည်။ အာဆီယံနိုင်ငံအလိုက် ရိုးရာအကအလှများဖြင့် ဖျော်ဖြေပေမဲ့ မြန်မာနိုင်ငံမှ ရိုးရာအကဆိုတာ စိုးစဉ်းမှ မတွေ့ရပေ။ မလေးရှားနှင့်ကိုရီးယား Chief (၂)ဦး အပြန်အလှန် စကား ပြော ရင်း စင်မြင့်ထက်မှာ ၄င်းတို့နိုင်ငံရဲ့ရိုးရာ အစားအသောက် presentation ကို ဖော်ပြရင်း ခရီးသွားမြင့်တင်ရေးကို ထိ ရောက်စွာပြုလုပ်နိုင်ခဲ့သည်။ ကိုရီးယား K-Pop အက သာမက မြောင်ဒုံးရပ်ကွက်၊ Nanta ဒန်အိုးခွက်ဖြင့် အော်ပရာဖျော်ဖြေ မှုများသည် လည်း ကမ္ဘာကျော်စေခဲ့ပါသည် မဟုတ်ပေလော ။ စာရေးသူတို့အဖွဲ့ ဆိုလ်မြို့ရဲ့ အထင်ကရ နေရာတစ်ခုဖြစ်သော Korea House ကပွဲပဒေသာ သို့ သွားရောက်ခဲ့ကြပြီး ထိုစဉ်က မြန်မာသံအမတ်ကြီး သူရသက်ဦးမောင်၏ စိတ်စေတနာဖြင့် ကူညီဆောင်ရွက်ပေးမှု ကိုလည်းအထူးကျေးဇူးတင်ရှိအပ်ပါသည်။
ရန်ကုန်ရောက် ကိုရီးယားနေ့
1st Korea Day 2019 ကို ကျင်းပရန်အတွက် ရန်ကုန်မြို့ရှိ ကိုရီးယား သံရုံးနှင့် အခြားကိုရီးယား အဖွဲ့စည်းများနှင့် အကြိမ်ကြိမ် တွေ့ဆုံကာ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များ ဆွေးနွေး ခဲ့ကြရသည်။ မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးတက်လာစေရန်၊ နှစ်နိုင်ငံစီးပွားရေး ရင်းနှီုးမြှပ်နှံမှု အခွင့်အရေးများ ပိုမိုရရှိလာစေရန် ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် ၊ ခရီးသွားလုပ်ငန်း သည် ပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်သော လုပ်ငန်းဖြစ်သည်ကို သိရှိစေရန် ရည်ရွယ်ပြီး 1st Korea Day 2019 ကို ရန်ကုန်မြို့ Lotte Hotel တွင် မတ်လ ၉ရက်နှင့် ၁၀ရက်(၂)ရက်တာ ကျင်းပပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
မြန်မာနိုင်ငံနိုင်ငံဆိုင်ရာ တောင်ကိုရီးယား နိုင်ငံ သံအမတ် ကြီး H.E Lee Sang Hwa နှင့် သာသနာရေး နှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ပြည်ထောင်စု၀န်ကြီး ဦးသူရအောင်ကိုမှ အဖွင့်အမှာ စကား ပြောကြားပြီး မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ရိုးရာစည်တော်များ တီးခတ်ကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။ ကိုရီးယားနိုင်ငံ Cover Dance ပြိုင်ပွဲတွင် ဒုတိယဆု ရရှိခဲ့သော Project K အဖွဲ့မှ အဖွင့်အကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး Ha Ha Travel Tour မှ သမီးငယ်လေးများ၏ ကူညီမှုနှင့်အတူ မိမိတို့ကော်မတီအတွင်းရေးမှုးအဖွဲ့တို့မှလည်း နှစ်နိုင်ငံ ချစ်ကြည်ရေးအကဖြင့်ပူးပေါင်းဖျော်ဖြေတင်ဆက်နိုင်ခဲ့သည်။
လူပေါင်းရာချီလာရောက်ခဲ့ပြီး နှစ်နိုင်ငံအကြောင်းပိုမို သိရှိစေခဲ့သည်။ ထို့အပြင် ကိုရီးယား-မြန်မာ ခရီးစဉ်ဒေသ CBT လုပ်ငန်းစဉ်နှင့် Joint Promotion အလုပ်ရုံ ဆွေးနွေးပွဲကိုလည်း နေ့လည်ပိုင်းတွင် ဆက်လက်ဆွေးနွေး နိုင်ခဲ့သည်။ ထိုသို့ အဖက်ဖက်မှ ဝိုင်း၀န်ကူညီပေးမှုဖြင့် အဆိုပါပွဲသည်လည်း အခက်အခဲများ ကြားမှ အောင်မြင်ခဲ့ လေသတည်း ။ မိမိတို့ ကော်မတီ အနေဖြင့် ပထမဆုံးခြေလှမ်း စတင်နိုင်ခဲ့လေပြီ။
ကိုရီးယားရောက် မြန်မာညနေခင်း
တောင်ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့ Coexတွင် ဇွန်လ(၆)ရက်နေ့မှ (၉)ရက်နေ့အထိ KOTFA မှ ကျင်းပပြုလုပ်ခဲ့သော Seoul International Tourism Industry Fair 2019 (SITIF) ပြပွဲသို့ မြန်မာနိုင်ငံမှ စာရေးသူ ဦးဆောင်ပြီး ခရီးသွား လုပ်ငန်း ရှင်(၃)ဦး၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ၀န်ထမ်း(၁)ဦးနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းစျေး ကွက်မြှင့်တင်ရေး အသင်းမှ (၁)ဦးဖြင့် သွားရောက်ပြသခဲ့ပါသည်။ အဆိုပါ Seoul International Tourism Industry Fair 2019 ခရီးသွားပြပွဲသို့ နိုင်ငံပေါင်း (၃၅)နိုင်ငံမှ ခရီးသွားဆိုင်ရာပြခန်းပေါင်း(၁၀၀)ကျော်နှင့် တောင်ကိုရီးယားနိုင်ငံပြည်နယ်များ၊ ခရီးသွားဆိုင်ရာပြခန်း (၁၀၀) ကျော်ပါ၀င်ပြသခဲ့သည်။ မြန်မာညနေခင်းအစီအစဉ်ကို (၈.၆.၂၀၁၉)ရက်နေ့၊ စနေနေ့ ညနေ(၄)နာရီမှ (၆)နာရီအထိ COEX ခန်းမရှိ Main Stage စင်မြင့်တွင် ညနေ(၄း၀၀)နာရီမှ (၅း၀၀)နာရီအထိ မြန်မာ့ရိုးရာအက(၄)မျိုးဖြင့် ဖျော်ဖြေ တင်ဆက် ကာ ဖွင့်လှစ်ခဲ့ပြီးတောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့်စင်နှင့် တာ၀န်ရှိသူများ၊ ဖိတ်ကြားထားသော ကိုရီး ယား၊ မြန်မာခရီးသွားလုပ်ငန်း ရှင်များ၊သတင်းမီဒီယာနှင့် ကိုရီးယားရောက်မြန်မာမိသားစုများ (၂၀၀)ခန့်တက်ရောက် ခဲ့ ကြပါ သည်။ ညနေ(၀၅း၀၀)နာရီမှ (၀၆း၀၀)နာရီအထိ မြန်မာပြခန်းတွင် ရိုးရာအစားအသောက်များဖြစ်သော အင်းလေးငါးထမင်းနယ် ၊ ရှမ်းတို့ဖူးကြော်၊ မန်းရွှေကြည် ဌက်ပျောသီးဆနွင်းမကင်း၊ မုံရွာမြေပဲကြော်၊ပုဂံမကျည်းတော်ဖီ နှင့် Royal Myanmar Tea Mix ၊မြန်မာဘီယာ တို့ကိုလည်း ကိုရီးယားတို့ အရသာကြိုက်နှစ်သက်ခဲ့ကြသည်။ ထိုသို့တည်ခင်းဧည့်ခံ ကျွေး မွေးခဲ့ပြီး မြန်မာ့တိုင်း ရင်းသားရိုးရာလက်ဆောင်များအား ပေးဝေခဲ့ပါသည်။ မြန်မာညနေခင်းကျင်းပပြီးနောက်တစ်နေ့တွင် ကိုရီးယား ပြည်သူများ အတွက် ၀င်ခွင့်ပေးသော Public Day ဖြစ်သဖြင့် မြန်မာပြခန်းသို့ အုံးအုံးကြွက်ကြွက် လာရောက်မေးမြန်း ကာ သတင်းအချက် အလက်များယူပြီး TV ၊ Media များမှလည်းသတင်းအင်တာဗျူးများရယူကြသည်ကိုတွေ့ရပါသည်။ (၀၉.၀၆.၂၀၁၉)ရက်နေ့ ညနေ(၀၅း၀၀)နာရီတွင် မြန်မာပြခန်းအတွက် အသိအမှတ်ပြုဆုလက်ခံပေးရန် KOTFA Event Organizer Team မှ အကြောင်းကြားလာသဖြင့် ပြခန်းပေါင်း (၁၀၀) ကျော် ရှိပြီး နိုင်ငံပေါင်း (၃၅)မှ ပြခန်းများအပေါ် စိစစ်ရွေး ချယ်ပြီး အကောင်းဆုံးယဉ်ကျေးမှု ဖျော်ဖြေတင်ဆက်မှုဆု (ပထမ၊ ဒုတိယ၊ တတိယ) ဆုပေါင်း (၁၂)ဆုချီးမြှင့်ရာတွင် မြန်မာနိုင်ငံ ကိုယ်စားပြုပြခန်းမှ အကောင်းဆုံးခရီးစဉ်ဒေသမြှင့်တင်နိုင်မှု ပြခန်းဒုတိယကိုရရှိခဲ့ပါသည်။ ပထမဆုအင်ဒိုနီးရှားနိုင်ငံ (ဘာလီကျွန်း) ၊ တတိယဆု ကို တာ့ခ်မင်နစ္စတန် နိုင်ငံမှ ရရှိခဲ့ပါသည်။
ဂျင်းဆင်းမြေမှာ ပန်းပိတောက်တွေဝေ
မြန်မာညနေခင်းကျင်းပရာ မြန်မာပြည်နှင့်သင်္ကြန်အက ဖျော်ဖြေရာတွင် ပန်းပိတောက်များနှင့် တန်ဆာဆင်ခဲ့ရာ ဂျင်ဆင်းမြေမှ ကိုရီးယားတို့အတွက် အထူးတဆန်းဖြစ်စေခဲ့သည်။ မြန်မာရိုးရာ အစားအသောက်များလည်း နှစ်သက်ခဲ့ပြီး ကိုရီးယားနာမည်ကြီး TV များတွင်လည်း မြန်မာအကြောင်း သတင်းမွေးခဲ့သည်။ ယခုအခါ မြန်မာ-ကိုရီးယား ဒရမ်မာ ရုပ်ရှင် ”A Flower Above The Clouds”ကားကို ဒါရိုက်တာ ဇင်ယော်မောင်မောင်မှ ရိုက်ကူးပြီး မြန်မာ – ကိုရီးယား မင်းသား၊မင်းသမီးများလည်း ပါ၀င် သရုပ်ဆောင်ထားကြောင်း သိရှိရသည်။ Korea Day မှ အစပြုပြီး မြန်မာညနေခင်းအထိ “ ဂျင်းဆင်မြေမှာ ပန်းပိတောက်တွေဝေခဲ့လေပြီ။ မကြာခင် ကိုရီးယားမှ ကမ္ဘာလှည့်ခရီးစဉ်များ ၊ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းရှင်များ ၀င်လာမဆဲ တသဲသဲ ရှိလာတော့မည် ဆိုလျှင် စာရေးသူတို့ မြန်မာ-ကိုရီးယားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့၏ ကြိုးပမ်းမှု မှတ်တိုင်တခု အတွက် စိတ်ပင်ပန်း၊လူပင်ပန်း ဖြစ်ရကျိုးနပ်ပေလိမ့်မည် ။