Tourism Award ဆိုတာ …

စည်သူကျော် အခုတလော လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ်အတွက်အကောင်းဆုံးခရီးစဉ်ဒေသဆုချီးမြှင့်မယ့်ကိစ္စကတော်တော်လေးလှုပ်လှုပ်ခတ်ခတ်ဖြစ် နေသဗျ။ ဆုချီးမြှင့်မယ့်အဖွဲ့အစည်း ...

စည်သူကျော်

အခုတလော လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ်အတွက်အကောင်းဆုံးခရီးစဉ်ဒေသဆုချီးမြှင့်မယ့်ကိစ္စကတော်တော်လေးလှုပ်လှုပ်ခတ်ခတ်ဖြစ် နေသဗျ။

ဆုချီးမြှင့်မယ့်အဖွဲ့အစည်းကလည်း ဥရောပသမဂ္ဂအမည်ခံအဖွဲ့အစည်းတစ်ခု ဖြစ်နေလေတော့ အာရုံစိုက်စရာဖြစ်နေသပေါ့ဗျာ။ ဆုဆိုတာမျိုးကလည်း ကလေးသူငယ်၊ လူရွယ်လူကြီး အရွယ်သုံးပါးမက်မောတဲ့အရာ မဟုတ်လားဗျာ။ ကျွန်တော်များငယ်ငယ်တုန်းကလည်းသေးသေးမွှားမွှားဆုကလေးများရရင်တောင် ဤဇမ္ဗူ ငါလိုလူရှိသေးရဲ့လား ရယ်လို့ ဝမ်းသာလုံးဆို့မတတ်ဖြစ်မိသေးတာပ။

အခုလိုမျိုး မြန်မာ့ခရီးသွားလုပ်ငန်း နိမ့်တုံ မြင့်တုံ ဖြစ်နေတဲ့အချိန်မျိုးမှာ EU နာမည် နဲ့အဖွဲ့အစည်းတစ်ခုက အကောင်းဆုံးခရီးစဉ်ဒေသဆု ချီးမြှင့်တာခံရမယ်ဆိုတော့ ဂုဏ်ယူ ဝမ်းမြောက်မိပေမပေါ့ဗျာ။ မြန်မာကို ကမ္ဘာကသိမယ့်အခွင့်အရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်တပ်တစ်အားပေါ့ဗျာ။ သို့သော်ငြားလည်းပေါ့လေ ချီးမြှင့် မယ့်အဖွဲ့အစည်းရဲ့ ခိုင်မာမှုနဲ့ ဂုဏ်သိက္ခာပိုင်းက မေးခွန်းထုတ်စရာဖြစ်နေလေတော့ နှမ လက်လျှော့နေလေတော့ကိန်းဆိုက်ရပြီပေါ့ခင်ဗျာ။
ကမ္ဘာပေါ်မှာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆုတွေကို အသီးသီးအပြိုင်အဆိုင်ချီးမြှင့် နေကြတာအားလုံးအသိပါပဲဗျ။ အဲဒီလိုပါပဲ ခရီးသွားလုပ်ငန်းကဏ္ဍမှာလဲ ချီးမြှင့်တဲ့ဆုတွေရှိ ပါတယ်ခင်ဗျ။ ဒီအထဲမှာ ဂုဏ်သိက္ခာကြီးမားတဲ့ဆုတွေရှိသလို အပြန်အလှန်ထောပနာပြု ကြတဲ့ဆုတွေလည်းရှိပါတယ်။

ဂုဏ်သိက္ခာကြီးမားတယ်လို့ဆိုတဲ့နေရာမှာ ဆုချီးမြှင့်တဲ့အဖွဲ့အစည်းရဲ့ ခိုင်မာမှုနဲ့ အဲ့ဒီအဖွဲ့အစည်းရဲ့ ရပ်တည်ချက်၊ ခရီးသွားလုပ်ငန်း ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအပေါ် ထည့်ဝင်ဆောင်ရွက်ချက်တွေက အဓိကကျသဗျ။

ဒီဆောင်းပါးမှာ ဒီလိုဆုများ ချီးမြှင့်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းကြီး (၂)ခုကို တင်ပြချင်ပါတယ်။ ပထမအဖွဲ့အစည်းကတော့ ကုလသမဂ္ဂလက်အောက်ခံ ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်ကြီး United Nations World Tourism Organization (UNWTO) ပဲ ဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံပေါင်း (၁၅၈) နိုင်ငံ၊ ဟောင်ကောင်၊ မကာအိုတို့လို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနယ်မြေ (၆)ခုနဲ့ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ၊ ပညာရေးအသင်း အဖွဲ့များကိုကိုယ်စားပြုထားတဲ့အဖွဲ့ကြီးဟာကမ္ဘာ့ခရီးသွားလုပ်ငန်းနယ်ပယ်မှာ သြဇာ တိက္ကမကြီးမားတဲ့အဖွဲ့အစည်းကြီးတစ်ခုပဲဖြစ်ပါတယ်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်း အမှတ်အခမ်းအနားကိုလည်း အဖွဲ့ကြီးက နှစ်စဉ်ချမှတ်ပေးတဲ့ ဆောင်ပုဒ်များနဲ့ ကျင်းပကြ
ပါတယ်။ ခရီးသွား လုပ်ငန်းနယ်ပယ်က တတ်သိပညာရှင် စကော် လာများဆိုရင် လည်း ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ကြီးက ထုတ်ပြန်တဲ့ စာရင်းဇယားတွေ၊ စာတမ်းတွေ၊ သုတေ သနပြုချက်တွေကို အကိုး အကားပြုသုံးစွဲကြပါတယ်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ကြီးက ချီးမြှင့်တဲ့ ယူလီဆီးဆု (UNWTO Ulysses Prize) ဆိုလို့ရှိရင် ခရီးသွားလုပ်ငန်းမှာ လိုက်နာရမယ့်ကျင့်ဝတ်များ (Global Code of Ethics) နဲ့ ကုလသမဂ္ဂရဲ့ ရေရှည်ဖွံ့ဖြိုး တိုးတက်မှု ရည်မှန်းချက် (Sustainable Development Goals)ကို ထင်ဟပ်စေ ပါတယ်။ တစ်နည်းပြောရရင် အောင်မြင်စွာ လိုက်နာကျင့်သုံးတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို ချီးမြှင့် ခြင်းဖြစ်ပါတယ်ခင်ဗျ။

ဒီယူလီဆီးဆုကို ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ကြီးက ကဏ္ဍလေးခုကို ပေးအပ်ရာမှာ (၁) မူဝါဒနှင့် အုပ်ချုပ်မှု (၂) စီးပွားရေးလုပ်ငန်းစုများ (၃) အစိုးရမဟုတ် သော အဖွဲ့အစည်းများ (၄) သုတေသနနှင့်နည်း ပညာတို့ပဲ ဖြစ်ပါတယ်။ ဒီကဏ္ဍတွေကနေ ခရီးသွားလုပ်ငန်း ရေရှည် ဖွံ့ဖြိုး တိုးတက်ရေးအတွက်တစ်တပ်တစ်အား ထည့်ဝင်ဆောင်ရွက် တဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို ချီးမြှင့်ပါတယ်ခင်ဗျာ။

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ကြီးလိုပဲထင်ရှားတဲ့အဖွဲ့အစည်းတစ်ခုကတော့ World Travel and Tourism Council (WTTC) ပဲ ဖြစ်ပါတယ်။ သို့ပေမယ့် UNWTO နဲ့ WTTC ကတော့ ဖွဲ့စည်းမှု သဘောသဘာဝခြင်း ကွာခြားပါတယ်ခင်ဗျ။ WTTC ကတော့ ကမ္ဘာ တစ်လွှား မှာရှိတဲ့ပုဂ္ဂလိကခရီးသွားလုပ်ငန်းတွေနဲ့ ကိုယ်စားပြုဖွဲ့စည်း ထားတာပဲ ဖြစ်ပါ တယ်။

အဖွဲ့ဝင်တွေကတော့ကမ္ဘာတစ်လွှားကခရီးသွားလုပ်ငန်းကုမ္ပဏီတွေရဲ့ အမှုဆောင် အရာ ရှိကြီးတွေ၊ အကြီးအကဲတွေပဲဖြစ်ပါတယ်။ ယေဘုယျပြောရမယ်ဆိုရင် WTTC ဟာ ပုဂ္ဂလိကကဏ္ဍ ကိုယ်စားပြုအသင်းကြီးတစ်သင်းပဲဖြစ်ပါတယ်။ WTTC သည်လည်း ခရီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့ စာရင်းဇယားကိန်းဂဏန်းအချက် အလက်တွေ၊ သုတေသန စာတမ်းတွေနဲ့ အခြားခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေကိုလည်း ထုတ်ဝေပါတယ်။

UNWTO က ချီးမြှင့်တဲ့ ဆုအမည်က လှပသလို WTTC က ချီးမြှင့်တဲ့ ဆုအမည်ကလည်း လေးနက်ပြီး အဓိပ္ပါယ်ပြည့်ဝလှပါတယ်။ ဆုအမည်က Tourism for Tomorrow Awards ပါတဲ့။ ဆု အမည်ကြားရုံနဲ့ ပေးအပ်တဲ့ဆုတွေဟာ ဘယ်လိုဆုမျိုး တွေဆိုတာ သိသာပါတယ်။ WTTC သည်လည်း Sustainable Development Goals- SDGs (၁၇)ချက်ကို အခြေခံချီးမြှင့်တာ ဖြစ်ပြီး Sustainable Development Goals တွေကို တက်ကြွစွာ လိုက်ပါဆောင်ရွက်တဲ့လုပ်ငန်းတွေကို အဓိက ထားချီးမြှင့်ပေးအပ်တာဖြစ်ပါတယ်။ ဆုတွေကိုပေး အပ်ရာမှာ ခရီးစဉ်ဒေသများ၊ ဟိုတယ်များ၊ အပန်းဖြေစခန်းများ၊ လေကြောင်းလိုင်းများအပါအဝင်ခရီးသွားလုပ်ငန်းကုမ္ပဏီတွေပါဝင်ပါတယ်။ ဆုအမျိုးအစား တွေကတော့ (၁) လူမှုပတ်ဝန်းကျင်ဆိုင်ရာဆု (၂) ခရီးစဉ်ဒေသထိန်းသိမ်းစောင့်ရှောက် ရေးဆိုင်ရာဆု (၃) ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးဆိုင်ရာဆု (၄) လူသားအရင်း အမြစ်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆု (၅) အပြောင်းအလဲဖော်ဆောင်ပေး နိုင်မှုဆိုင်ရာဆု တို့ပဲဖြစ် ပါတယ်။

ဆုတွေကို ချီးမြှင့်တဲ့နေရာမှာလည်း စာရွက်ပေါ်မှာတင် စိစစ်တာမျိုးမဟုတ်ပဲ နောက်ဆုံးဆန်ခါတင်ရွေးချယ်ခံရသူတွေကို အဖွဲ့နဲ့ မြေပြင်ကွင်းဆင်းစိစစ်တာမျိုးတွေကိုပါ ဆောင်ရွက်ပါတယ်။ ပြောရရင်တော့ဗျာ ဆယ်စုနှစ်တစ်စုကျော်ကြာ ချီးမြှင့်ခဲ့တဲ့ ဆုတွေဟာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အဖွဲ့အစည်းတစ်ခု အကျိုးအတွက် မဟုတ်ဘဲ ကမ္ဘာ့ခရီးသွား လုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချီးမြှင့်တာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာဆိုရင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပတဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားမှာ (အဓိကအနေနဲ့) ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍအကောင်းဆုံးစွမ်းဆောင်ရည်ဆု (Best Performance Awards) တွေကို ချီးမြှင့်တာတွေ့ရပါတယ်။ ယခု ၂၀၁၉ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်း အနားမှာဆိုရင်အကောင်းဆုံးဝန်ဆောင်မှုစွမ်းရည်ဆိုင်ရာဟိုတယ်ဆုများ၊ ခရီးသွားလုပ်ငန်း ကုမ္ပဏီဆုများ ပေးအပ်တာတွေ့ရပါတယ်။ ဒါ့အပြင် စာစီစာကုံး၊ ကျပန်းစကားပြောနှင့် ဓါတ်ပုံဆု စတာတွေကို ချီးမြှင့်တာလည်း တွေ့ရသဗျ။

မြန်မာနိုင်ငံကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့မှာ အခြေခံပညာအဆင့် အဆင့်မြင့် ပညာ အဆင့်စာစီစာကုံးပြိုင်ပွဲများ ထည့်သွင်းကျင်းပ ပေးခြင်းဟာ ကျောင်းသူကျောင်းသားများနှင့် မိဘဆရာအသိုက် အဝန်းအတွင်း ခရီးသွားလုပ်ငန်းရဲ့ သဘောသဘာဝနဲ့ အကျိုးကျေးဇူး တွေကို အထိုက်အလျောက် ပြန့်ပွားစေတာဖြစ်လို့ ကောင်းမွန်တဲ့ အစီအစဉ်တစ်ခုပဲ ဖြစ်ပါ တယ်။ အလားတူပဲ အခြားဆုများကိုလည်း ခရီးသွားလုပ်ငန်းနယ်ပယ်အတွင်းကသာမက အများပြည်သူများ အတွင်းကပါ ဖိတ်ခေါ်ကျင်းပပေးနိုင်ရင် ပိုမိုကောင်းမွန်မယ်လို့ ယူဆမိပါ တယ်။

မြန်မာနိုင်ငံမှာ ပုဂ္ဂလိကနယ်ပယ်အတွင်းမှာဆိုရင် Myanmar Responsible Tourism Institute (MRTI) အဖွဲ့အစည်းက Myanmar Responsible Tourism Awards(MRTA)ဆုကိုနှစ်စဉ်ပေးအပ်နေတာတွေ့ရပါတယ်။ MRTA ဟာဆိုရင်လည်း ရည်ရွယ်ချက် အားဖြင့် ကောင်းမွန်ပြီး အမည်နာမနဲ့ လိုက်လျောညီထွေစွာ တာဝန်သိခရီးသွားလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ဆုတွေဖြစ်တာကို တွေ့ရပါတယ်။ ယခု ၂၀၁၉ ခုနှစ် MRTA မှာ ယခင်နှစ်များက မပါဝင်တဲ့ Best Practice in Child Safe Tourism Award နဲ့ Best Practice in Carbon Foot print Reduction ဆုတွေ ပါဝင်လာတာကို တွေ့ရပါတယ်။

အချုပ်အားဖြင့် ပြောရရင် ဆုချီးမြှင့်ပေးအပ်ခြင်းဟာ သာမန်မှတ်တမ်းတင်ဂုဏ်ပြုရုံ လောက်ဆိုရင် ပြည်သူများအကြား သတင်းစကားကြားနာသိရှိရုံသာဖြစ်ပြီး၊ ကိုယ့်နယ်ပယ် ထဲမှာသာအတိုင်းအတာတစ်ခုအထိ အသိအမှတ်ပြုခံရတာဖြစ်ပါ တယ်ခင်ဗျ။ ဆုချီးမြှင့်ခြင်း ကနေ ကိုယ့်လုပ်ငန်းကဏ္ဍအကြောင်းကို ပြည်သူများအကြား (ပုဂ္ဂလိကနဲ့ အစိုးရအဖွဲ့ အစည်းတွေလည်း ပါသပေါ့) ပိုမိုကျယ်ပြန့်စွာ သိရှိစေဖို့ဆိုရင်တော့ (တနည်းဆိုရရင်တော့ မားကတ်တင်း Marketing ပေါ့ဗျာ) ဆုအမျိုးအစား၊ ပေးအပ်တဲ့ရည်ရွယ်ချက်၊ ဆုရွေးချယ် သတ်မှတ်တဲ့စံနှုန်းများ၊ ဆုကို အကဲဖြတ်ရွေးချယ်တဲ့ပုဂ္ဂိုလ်များဆိုပြီး အကျယ်တဝင့်ချပြ ကြေညာသင့်ပါကြောင်းပါခင်ဗျား။

Travelling_Journal/Vol_1_Issue_17

Photo_WTTC/UNWTO (စည်သူကျော်ပေးပို့သည်)