စည်သူကျော်
ယနေ့ ကာလတွင် လူပြောအများဆုံးအကြောင်းအရာတစ်ခုကား ငြိမ်းချမ်းရေးဖြစ်သည်။ ငြိမ်းချမ်းရေးကို ကမ္ဘာသူကမ္ဘာသား များလိုလားကြသည်။ နှစ်သက်ကြသည်။ သမိုင်းတလျှောက် ငြိမ်းချမ်းမှုမရှိခဲ့၍ ဒဏ်ရာ ဒဏ်ချက်များပြားခဲ့သော ကမ္ဘာကြီးကား ယနေ့အချိန်ထိ ငြိမ်းချမ်းရေးပန်းတိုင်ဆီသို့ လှုပ်လီလှုပ်လဲ့ ချီတက် နေဆဲ။ The Global Goals for Sustainable Development တွင် Peace, Justice and Strong Institutions တစ်ခုအပါအဝင်ဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာ မျှော်မှန်းချက်များတွင် ငြိမ်းချမ်းရေးသည် ပါဝင်နေပေသည်။
ခရီးသွားလုပ်ငန်းသည်လည်း ဘေးကင်းလုံခြုံမှု၊ ငြိမ်းချမ်းမှုတို့နှင့် တိုက်ရိုက်ဆက်စပ်လျက် ရှိပေသည်။ သို့ဖြစ်ရာ ငြိမ်းချမ်းရေး (Peace) ဟူသော ဝေါဟာရနှင့် ခရီးသွားလုပ်ငန်း (Tourism) ဟူသောဝေါဟာရတို့သည်ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာလေသည်။ သို့ရာတွင် ခရီးသွားလုပ်ငန်းနှင့်ငြိမ်းချမ်းရေးဟူသည် ခါတော်မှီပေါ်ထွက်လာခြင်းတော့မဟုတ်ချေ။
၁၉၂၉ ခုနှစ်တွင် The British Travel and Holidays Association က ၎င်းတို့၏ ပထမအကြိမ် သင်းလုံးကျွတ် အစည်းအဝေးကြီးကို “Travel for Peace” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည်။
၁၉၆၇ ခုနှစ်တွင် ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာခရီးသွားနှစ် (International Tourism Year) ၏ ဆောင်ပုဒ် ကို “Tourism Passport to Peace” ဟု သတ်မှတ်ခဲ့သည်။ ယင်းနောက် ၁၉၈၆ ခုနှစ်တွင် International Institute for Peace through Tourism (IIPT) ကိုတည်ထောင်နိုင်ခဲ့ပြီး (၂)နှစ်အကြာတွင် IIPT ၏ပထမဆုံး ညီလာခံကို “Tourism: A Vital for Peace” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည်။
ထို့နောက် ခရီးသွားလုပ်ငန်းနှင့် ငြိမ်းချမ်းရေးကို ပေါင်းကူးဆက်စပ် ပေးသော အဖွဲ့အစည်းများ၊ သုတေသန ဌာနများ အများအပြား ပေါ်ထွက်လာခဲ့သည်။ ထိုသမိုင်းပြယုဂ်များကြောင့်လည်း ခရီးသွား လုပ်ငန်းသည် ပထမဆုံးကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေး လုပ်ငန်းကဏ္ဍ တစ်ခုအဖြစ်ဂုဏ်ပြုခေါ်ဆိုခြင်းခံခဲ့ရသည်။ ခရီးသွားလုပ်ငန်း သန္ဓေတည်စကပင် ငြိမ်းချမ်းရေးဟူသော ဝေါဟာရသည် ယှဉ်တွဲပါဝင် လာခဲ့သည် မဟုတ်ပါလော။ သို့အားဖြင့် ခရီးသွားလုပ်ငန်း၏ အပေါင်းလက္ခဏာဆောင်သော သက်ရောက်မှုများတွင် ငြိမ်းချမ်းရေး သည်လည်း ပါဝင်လာ ပေသည်။
မေးစရာမေးခွန်းတစ်ခုကား ငြိမ်းချမ်းမှုနှင့်တရားဥပဒေစိုးမိုးမှု ကင်းမဲ့ သော ဒေသတစ်ခုသို့ ခရီးသွားလုပ်ငန်းသည် ဝင်ရောက်နေရာ ယူနိုင ်ပါ မည်လော။ အဖြေကားရှင်းပါသည်။ မယူနိုင်ပါ။ သို့သော် ခရီးသွား လုပ်ငန်းသည် ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်(သို့မဟုတ်) ငြိမ်းချမ်းရေး တည်ဆောက်မှုအပေါ်ဝင်ရောက်ပါဝင်ပတ်သက်နိုင်ပေသည်။ ပါဝင်ပတ်သက်ရုံသာမက သိသာထင်ရှားသော အထောက် အပံ့ပြုမှုနှင့်သက်ရောက်မှုများကိုလည်း ပေးစွမ်း နိုင်ပေသည်။
တစ်နေရာမှတစ်နေရာသို့ ခရီးသွားလာခြင်းဖြင့် မတူကွဲပြားမှုများကို နားလည်သဘောပေါက်လက်ခံလာနိုင်ပြီး ရေရှည်ယှဉ်တွဲပူး ပေါင်း ဆောင်ရွက်မှုများ ပြုလုပ်လာနိုင်သည်။
နိုင်ငံရေးယဉ်ကျေးမှုများဖလှယ်ခြင်းဖြင့် စစ်မက်ဖြစ်ပွားခြင်းကို ရှောင်လွှဲနိုင်သည်။ တည်ငြိမ်အေးချမ်းရေးကို အဓွန့်ရှည်စေသည်။
Post Conflict ဟုခေါ်သော ပဋိပက္ခဖြစ်ပွားပြီး နေရာဒေသ များတွင် ခရီးသွားလုပ်ငန်းကို ဖော်ထုတ်ဆောင်ရွက် ခြင်းဖြင့် ဒေသ၏ လူမှုရေး၊ စီးပွားရေးတို့ကို လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာစေသည်။
ကမ္ဘာပေါ်တွင်ခရီးသွားလုပ်ငန်းအမျိုးအစားအသီးသီးကို ဈေးကွက် ်ဖော်ထုတ်ရောင်းချမြှင့်တင်လျက်ရှိရာ စစ်မက် ဖြစ်ပွားရာ သမိုင်းဝင် အထင် အရနေရာများသို့ သွားရောက်လေ့လာလည်ပတ်သော ခရီးစဉ်များလည်းပါဝင် ပါသည်။ ယင်းကို War Tourism, သွားရောက်လည်ပတ်သူများကို War Tourist များဟုခေါ်ဆိုကြသည်။ ယင်းသို့ သွားရောက်လည်ပတ်ခြင်းဖြင့် စစ်၏ဆိုးကျိုးများ၊ ဘေးဒုက္ခများကို သိမြင်လာပြီး စစ်မက်ဖြစ်ပွားခြင်းကို ရှှုံ့ချခြင်း၊ ငြိမ်းချမ်းရေးကို လိုလားခြင်းစသော အသိအမြင်များ တိုးပွားလာစေမည် ဖြစ်ပါသည်။ အလားတူ ငြိမ်းချမ်းရေးအထိမ်းအမှတ် နေရာများသို့ သွားရောက်လည်ပတ်ခြင်းကို Peace Tourism, သွားရောက်လည်ပတ် လေ့လာသူများကို Peace Tourist ဟုခေါ်ဆိုကြသည်။
Peace Tourism site များအနက် ထင်ရှားသော နေရာတစ်ခုမှာ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ရှိ Hiroshima Peace Memorial Park ဖြစ်သည်။ အဆိုပါနေရာသည် ဒုတိယ ကမ္ဘာစစ်အတွင်းက အနုမြူဗုံးကြဲ ချခံရသည့် အဖြစ်ဆိုးကြီးကို အမှတ်ရနေစေရန် တည်ဆောက်ထားသော နေရာဖြစ်ပါသည်။ Hiroshima Peace Memorial Park တွင် Hiroshima Peace Memorial Museum ပါဝင်ပြီး ပြတိုက်တွင် အနုမြူဗုံးဒဏ်ကြောင့် ထိခိုက်သေ ကြေပျက်စီးခဲ့ရသည့် ဓာတ်ပုံ မှတ်တမ်းများကို အဓိကထားပြသထားပြီး အနုမြူဗုံးဒဏ်မခံရမီ ဟီရိုရှီးမားနှင့်အနုမြူဗုံးဒဏ်ခံရပြီးသည့် ဟီရိုရှီးမားတို့ကို ပြသထားရာ စစ်၏ကြောက်မက်ဖွယ်အနိဌာရုံများကို လာရောက်လေ့လာသူများ မျက်ဝါးထင်ထင်တွေ့ မြင်ရမည်ဖြစ်သည်။
Hiroshima Peace Memorial Park ကို ဒုတိယကမ္ဘာ စစ်ကြီးအပြီး ဆယ်နှစ်အကြာ ၁၉၅၅ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ပါ သည်။ လေ့လာတွေ့ရှိရသော စာရင်းဇယားများအရ ၁၉၅၅ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း ခရီးသွား ဧည့်သည် ၅၃ သန်းလာရောက်လည် ပတ်ခဲ့ကြောင်းတွေ့ရှိရာ တစ်နှစ်လျင် ခရီးသွားဧည့်သည် တစ်သန်း ကျော် လာရောက်လည်ပတ်ခဲ့ခြင်းဖြစ်ပါသည်။
ခရီးသွားလုပ်ငန်းမှတဆင့် အကျိုးသက်ရောက်မှုရှိသော နယ်ပယ်များ ကို လူမှုယဉ်ကျေးမှု၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဟု (၃) မျိုးအဓိကခွဲခြားပြကြသည်။ ယင်းကို ခရီးသွားလုပ်ငန်း ပညာရပ် ဆိုင်ရာနယ်ပယ် တွင် Triple Bottom Line Analysis (TBL)ဟုခေါ်ဆိုသည်။ လက်နက်ကိုင်ပဋိပက္ခများနှင့် စစ်မက်ဖြစ် ပွားခြင်း သည် ဖော်ပြပါနယ်ပယ်(၃)ရပ်ကို စိုးရိမ်ဖွယ်ရာ အခြေအနေ ထိ ရောက်အောင်ထိခိုက်စေသည်။
တိုက်ပွဲများရပ်ဆိုင်းပြီး လုံခြုံဘေးကင်းသော နေရာ၌ အဆိုပါနယ် ပယ်သုံးရပ် တွင် သိသိသာသာ ဖွံ့ဖြိုး တိုးတက် လာသည်ကို တွေ့မြင်နိုင်သည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် သဘာ၀ ပတ်ဝန်း ကျင်နှင့်လမ်းတံတားစသည့်အခြေခံအဆောက်အအုံများထိခိုက်ပျက်စီးစေသည်။ လက်နက်ကိုင်တိုက်ပွဲများကြောင့် သစ်တောသစ်ပင်နှင့် သားငှက်တိရိစ္ဆာန်များသေကြေပျက်စီးကာဂေဟစနစ်ပျက်ယွင်းစေနိုင်သည်။
ထင်ရှားသောသာဓကအနေဖြင့် လက်ရှိရခိုင်ပြည်နယ်တွင်ဖြစ်ပွားသော ပဋိပက္ခများကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကိုများစွာသော သက်ရောက်မှုများဖြစ်ပေါ်စေလျက်ရှိသည်။ ရခိုင်ပြည်နယ်သည် သာယာ လှပပြီး သမိုင်းဝင်ရှေးဟောင်းအမွေအနှစ်များ ကြွယ်ဝမှု ကြောင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်အတွက် အလားအလာ များစွာရှိသော ဒေသတစ်ခုဖြစ်သည်။ သို့ရာတွင် တည်ငြိမ်အေးချမ်းမှု မရှိခြင်းကြောင့် ခရီးသွား လုပ်ငန်းများရပ်ဆိုင်းနေရသည်မှာ ရခိုင်ပြည်နယ်အတွက်သာမကမြန်မာနိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍအတွက်ပါ ဝမ်းနည်းဖွယ်ရာဖြစ်သည်။
ဒေသခံများ လယ်ယာအလုပ်အကိုင်များ စွန့်ပစ်ရွှေ့ပြောင်းရသော ကြောင့် စီးပွားရေးထိခိုက်ပျက်စီးစေသည်။ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်း များ ပိတ်ဆို့၍ ကုန်ထုတ်လုပ်မှု ပျက်ပြားစေသောကြောင့် နိုင်ငံ့စီးပွားရေးနှင့် ပြည်တွင်း အသားတင်ထုတ်လုပ်မှုကို ကျဆင်းစေ သည်။ ထို့အပြင် စစ်ပွဲကာလအတွင်း အဓမ္မစေခိုင်းမှုများပေါ် ပေါက်ခြင်း၊ ဖမ်းဆီးစစ်ဆေးခြင်း၊ ချုပ်နှောင်မှုပြုခြင်း၊ အမျိုးသမီး နှင့်ကလေးငယ်များအား အလွဲသုံးစားပြုခြင်းများ လည်းပေါ်ပေါက် လာပါသည်။
ဒုတိယကမ္ဘာစစ်ကာလအတွင်း ဂျပန်နိုင်ငံမှ စစ်အတွင်း သိမ်းပိုက် ထားသည့် အာရှနိုင်ငံများတွင်လိင်ကျွန်ပြုမှုကြောင့်ပေါ်ပေါက်လာသည့် ပြဿနာများမှာ ယနေ့အချိန်ထိတည်ရှိနေဆဲပင်။
စစ်ကြောင့်ဖြစ်ပေါ်ရသောဆိုးကျိုးများကား ဤမျှနှင့်မပြီး၊ ပညာရေး၊ ကျန်းမာရေးစသော အခြေခံလူထု လိုအပ် ချက်များလည်း ကာလကြာရှည်စွာဖြစ်ပေါ်နေပေမည်။
၎င်းနှင့်ဆန့်ကျင်ဘက်ကား ဒေသတည်ငြိမ်အေးချမ်းလာခြင်းကြောင့် ခရီးသွားဧည့်သည်များ စိတ်ဝင်တစား ဝင်ရောက်လာနိုင်ပြီး၊ ကျွဲကူးရေပါဆိုသကဲ့သို့ ဒေသခံများအလုပ်အကိုင် အခွင့်အလမ်း များရရှိလာခြင်း၊ အခြေခံ အဆောက်အအုံများပြန်လည်ဖွံ့ဖြိုးလာပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာခြင်း၊ ယဉ်ကျေးမှုအမွေအနှစ် နှင့် သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးလုပ်ငန်းများ ပြန်လည်အ သက်ဝင်လာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည်။ စိုက်ပျိုးရေးနှင့်စက်မှုလက်မှုလုပ်ငန်းများပြန်လည်ထူထောင်ခြင်းအတွက် အချိန်ကာလာ အတန်ကြာကြာမြင့်မည်ဖြစ်သော်လည်း ခရီးသွား များလာရောက်လည်ပတ်ခြင်းကြောင့် အချိန်တိုအတွင်း ဒေသခံများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပေသည်။