မြိုင် CBT ကို ကျော်ခဲ့သည့် မကျည်းကန်ရွာ

မော်ကျွန်းသူ မကွေးတိုင်း တွင် အကောင်အထည် ဖော်ထားသည့် ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းဖြစ်သည့် မကျည်းကန် ရွာ CBT မှ ကနဦးစတင်အကောင် အထည်ဖော်ခဲ့သည့် မြိုင် CBT ကို ကျော်လွန်သွားခဲ့ ပြီဖြစ်သည်။ ...

မော်ကျွန်းသူ

မကွေးတိုင်း တွင် အကောင်အထည် ဖော်ထားသည့် ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းဖြစ်သည့် မကျည်းကန် ရွာ CBT မှ ကနဦးစတင်အကောင် အထည်ဖော်ခဲ့သည့် မြိုင် CBT ကို ကျော်လွန်သွားခဲ့ ပြီဖြစ်သည်။

မကျည်းကန် ကျေးရွာ CBT မှာမကွေးတိုင်းဒေသကြီး ၊ချောက်မြို့နယ် စလေအုပ်စု အတွင်း တည်ရှိပြီး ယင်းဒေသသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားဧည့်သည်များမှာ ပြင်သစ်ခရီးသွား လာရောက်မှုမှာ များပြားကြောင်း မကွေးတိုင်းဒေသကြီး ဟိုတယ်ခရီးတာဝန်ခံ ဦး မြင့်စိန်ကဆိုသည်။


ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် မကျည်းကန်သို့ လာရောက်ကြသည့် ပြည်ပခရီးသွားဦးရေမှာ ၅၁၇ ဦးရှိပြီး ပြည်တွင်းဧည့်သည်မှာ ၁၉၉ ဦးလာရောက်လည်ပတ်ခဲ့ခြင်းက မကျည်းကန် CBT၏ အောင်မြင်မှုတစ်ခုပင်ဆိုလိုရပါမည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ လူနေမှုဘဝ အဆင့်အတန်းများမြင့်မားလာစေရေးကို ရည်ရွယ် ပြီး ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းများကိုပြည်နယ်နှင့်အလိုက် အကောင်အထည်ဖော်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

ကနဦးစတင်အကောင်အထည်ဖော်ဖြစ်ခဲ့သည့်ရွာမှာ ယင်းတိုင်းဆည် အနီး အမှီပြုနေရသည့်မြိုင်ဆိုသည့်ရွာကလေးပင်ဖြစ်သည်။ ထိုရွာကလေးကို CBT လုပ်ငန်း ဖွံ့ဖြိုးစေရန် Action Aid နှင့် ပူးပေါင်းပြီး ပုဂံပတ်လည်အတွင်း ရွာပေါင်း ၁၉၆ ရွာကို ယူခဲ့ကာ ယင်းအထဲမှ မြိုင်ရွာအပါအဝင် ၄ ရွာကို Journay လုပ်ငန်းမှ Tour Site တစ်ခုအဖြင့် အသက်သွင်းပုံဖော်ခဲ့ခြင်းဖြစ်သည်။

မြိုင်ရွာသည် CBT ၏ အစမ်းသပ်ခံ ရွာကလေးဖြစ်ခဲ့ပြီး CBT ကို ပဲ့ကိုင်ခဲ့သူ လည်း ဖြစ်သည်။မြိုင် ဒေသရှိ CBT လုပ်ငန်း အောင်မြင်ပါက ယင်းရွာ၏ လုပ်ကိုင်ပုံ နည်းစနစ်များကို အခြေခံပြီး Made in Copy ယူကာ တစ်ခြား ဒေသများတွင် ဆက်လက် လုပ်ကိုင်ဖို့ရည်ရွယ်ချက်ပင်ဖြစ်သည်။

မြိုင် CBTကို ဖွင့်လှစ်ခဲ့ပြီးနောက် ပုံစံတူ CBTများကိုပြည်နယ် အလိုက် စတင်လာခဲ့ကြသည်ဟုဆိုနိုင်ပါသည်။ ဒေသခံများ၏ လူနေမှုဘဝများကို အနီးကပ် လေ့လာကြည့်ရှုလို့ရနိုင်သည့် တစ်ခုတည်းသော နေရာပင်ဖြစ်သည်။ CBTတစ်ခု အောင်မြင်ဖို့ရန်မှာလည်း ကျေးရွာရှိ လူထု၏ စိတ်ဝင်စားမှုပေါ်တွင် အများကြီးမူတည်သည်ဟု ဆရာကြီး ဒေါက်တာ အောင်ထွန်းသက်က ပြောခဲ့ဖူးပါသည်။ ရပ်ရွာညီညွတ်ရမည်ဟုဆိုခဲ့သည်။ ညီညွတ်မှုမရှိပါက မအောင်မြင်နိုင်ဟုဆိုခဲ့သော်လည်း လက်ရှိမကျည်းကန်၏ ရလာဒ်အခြေအနေမှာ အောင်မြင်နေသည်ဟု ဆိုရမည်ဖြစ်သည်။

လက်ရှိတွင် မကွေးတိုင်းဒေသကြီးအတွင်းအကောင်အထည်ဖော်ပြီးထားသည့် နှစ်ခုမှာ မြိုင် CBTနှင့် မကျည်းကန် CBTပင်ဖြစ်သည်။ နောက်ထပ်ဖော်ဆောင်မည့်နှစ်ခုကိုလျာထားသော်လည်း ကျွန်းကလေးရွာ CBTနှင့် ထန်းပင် ကုန်း CBTတို့ကို မဖွင့်နိုင်သေးချေ။

မကျည်းကန် CBT ဝင်ငွေမှ စီးဆင်းလာသည့် ဒေသအတွက် ရံပုံငွေမှာ ၂၀၁၈ ခုနှစ်အတွင်း သိန်း ၄၄ သိန်းနှင့် ၂၀၁၉ ခုနှစ်တွင်သိန်း ၆၀ ကို ရရှိခဲ့ခြင်းကြောင့် ရပ်ရွာလူထုအခြေပြူခရီးသွားလုပ်ငန်းဝင်ငွေမှအကျိုးကျေးဇူးများကို ရရှိခံစားနေပြီဖြစ်သည်။

မကျည်းကန်ကျေးရွာ၏ အားသာချက်မှာ မကွေးတိုင်းသို့ တိုက်ရိုုက်လာရောက်လည်ပတ်နိုင်သလို ပုဂံဒေသမှလည်း တဆင့် လာရောက်လည်ပတ်နိုင်သည့် အတွက် အားသာချက်များရှိခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။

ပုဂံ နှင့် မကျည်းကန်ကျေးရွာမှာ မိုင်အားဖြင့် ဆိုပါက ၃၀ မိုင်နီးပါးကွာဝေးသဖြင့် ပုဂံမှလာရောက်လည်ပတ်ကြသည့် သူများလည်းရှိသလို စလေမြို့မှလည်း လာရောက်လည်ပတ်ကြခြင်းကြောင့် အချက်အချာကြသည်ဟုလည်းဆိုနိုင်ပါသည်။

မကျည်းကန်သို့လာရောက်လည်ပတ်ကြသည့် ဧည့်သည်များအနက် ပြင်သစ်ခရီးသွားများမှာ ပိုများပြားခြင်း နှင့် ယူကေမှလည်း လာရောက် ကြသည့်ခရီးသွားများလည်းရှိခြင်းက မကျည်းကန် ၏ အားသာချက်ဟုပင်ဆိုရမည်။
လက်ရှိတွင် ပြည်တွင်းပြည်ပဧည့်သည်များ လာရောက်တည်းခိုနိုင်ရန်အတွက် မကျည်းကန်CBTတွင် နှစ်ထပ်အိမ် ၃ လုံးကိုဆောက်လုပ်ထားပြီးဖြစ်ကြောင်းသိရသည်။
လာရောက်လေ့လာသူများသည် စလေ ရုပ်စုံကျောင်း၊ ကိုလိုနီခေတ် အဆောက်အအုံ များ ကို သွားရောက်ကြလေ့ရှိပြီး စလေ မြို့မှ ၄မိုင်အကွာတွင် တည်ရှိသည့် ရှင်ဘုရင်စာကြိုဘုရားကိုလည်း သွားရောက် လေ့လာကြသည်ကများပြားသည်ဟုဆိုသည်။

၎င်းတို့က မကွေးတိုင်းဒေသကြီးရှိ စလေမြို့ဟောင်း ဦးပုညစာကြည့်တိုက် စသည့် နေရာများသို့ စိတ်ဝင်တစားလေ့လာကြသည်ဟုဆိုသည်။

မကျည်းကန်သို့လာရောက်လည်ပတ်ကြသည့်နိုင်ငံခြားဧည့်သည်တစ်ဦးလျှင် န့နက်စာ၊နေ့လည်စာ ၊ညစာ နှင့် Guide ခ အပါအဝင် တစ်ညလျှင် ကျပ်သုံးသောင်းခွဲ ဖြင့် သတ်မှတ်ထားသလို ပြည်တွင်းခရီးသွားများအတွက်လည်း ယင်းနှုန်းထားဖြင့်သာယူကြောင်း ကျေးရွာကော်မတီဥက္ကဋ္ဌ ဦးပန်းမွှေးကပြောသည်။

” ပြည်တွင်းကောပြည်ပကောတည်းခိုလို့ရပါတယ်။ အဓိက က ဟောခန်းမနဲ့အိပ်တာများတယ်။ ၇ ယောက်အိပ်လို့လည်းရှိတယ်။ နှစ်ယောက်အိပ်တဲ့ အခန်းလည်းရှိတယ်။ ဧပြီလအတွင်းမှာ ဈေးနှုန်းတော့
ပြောင်းဖို့ရှိတယ်။ အခုက ၂၂ ရက်နေ့ထိ ညအိပ် ရှိတယ် ။အဲဒီနောက်ပိုင်းတော့ မရှိသေးပါဘူး။ စက်ဘီးဌားစီးရင် တော့ တနေကုန်ကို ၂ ဒေါ်လာလောက်ယူတယ်” ဟု ၎င်းက ပြောသည်။

ညမအိပ်ပဲ ပုဂံဘက်မှ လာရောက်လေ့လာကြသည့် သူများအနေဖြင့် မကျည်းကန်ရွာတွင် ထမင်းစားမည်ဆိုပါက တစ်ဦးကို ၄၀၀၀ နှှုန်းဖြင့် မှာယူ စားသောက်ခြင်းဖြင့် တစ်ဖက်တလမ်းမှ ဒေသ၏ ဝင်ငွေ ရရှိအောင် ကူညီပေးနိင်ခြင်းပင်ဖြစ်သည်။CBTဆိုသည်မှာ ဧည့်သည်ကို စိတ်ကျေနပ်မှုရအောင် ဝန်ဆောင်မှုှုပေးသည့် အရာတစ်ခုဟု
တင်စားချင်ပါသည်။မြန်မာနိုင်ငံ၏ အညာဒေသတစ်ခု ထဲတွင် ပါဝင်သည့် ထိုဒေသမှ ဒေသခံများ ၏ချစ်စရာဓလေ့များ၊ရိုးသားလှသည့် အပြုအမြုုများက နိုင်ငံခြားသားများအတွက် အထူးနှစ်ခြိုက် သဘောကျခြင်းပင်ဖြစ်ပါသည်။

မကွေးတိုင်းဒေသကြီးတွင် အောင်မြင်မှုများရရှိထားသည့် ပခုက္ကူရှိ မြိုင်CBTဖြစ်ပြီး ဒုတိယအနေဖြင့်ချောက်မြို့နယ်အတွင်းရှိ မကျည်းကန်CBT မှာ ၂၀၁၇ ခုနှစ်တွင် စတင် ဖွင်လှစ်ခဲ့ခြင်းဖြစ်သည်။

မကျည်းကန်ကျေးရွာတွင် အိမ်ခြေ ၁၂၇ အိမ်ရှိပြီးလူဦးရေ ၄၅၀ ဝန်းကျင် နေထိုင်ကြကာ အများစုမှာ
စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြသည်။

လက်ရှိတွင်ဧည့်သည် ဝင်ရောက်မှု စာရင်းအရမြိုင်CBT သို့ ၂၀၁၇ ခုနှစ် အတွင်း ပြည်ပဧည့်သည် ၈၀၀ နီးပါး၊ ၂၀၁၉ ခုနှစ်တွင် ပြည်ပဧည့်သည် ၃၂၇ ဦးနှင့်ပြည်တွင်း ခရီးသွား ၁၆၀ ဦး ဝင်ရောက်ခဲ့သည်။

မကျည်းကန်ကျေးရွာသို့ ၂၀၁၉ ခုနှစ်တွင် ပြည်ပဧည့်သည် ၅၁၇ ဦးနှင့် ပြည်တွင်း ဧည့်သည် ၁၉၉ ဦး ဝင်ရောက် ခဲ့သည်။

ထို့အပြင် ၂၀၂၀ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီလနှစ်လအတွင်း မကျည်းကန်ကျေးရွာသို့ နိုင်ငံခြားသား ဧည့်သည် ဝင်ရောက်မှုမှာ ၂၉၂ ဦး ဝင်ရောက်ခဲ့ပြီးဖြစ်ခြင်းကြောင့် မကျည်းကန်သို့ နိုင်ငံခြားသားဝင်ရောက်မှု များပြားလာခြင်းမှာ မကျည်းကန်၏ အောင်မြင်မှုပင်ဟု ဆိုရမည် ဖြစ်သည်။

လက်ရှိတွင် ခရီးသွားအကျနည်းနေသည့် ကာလများတွင် မကွေးတိုုင်းဒေသကြီး အတွင်းရှိ CBTကျေးင်္ရွာသို့ ဧည့်သည်ဝင်ရောက်မှုမှာ များလာသည်ဟုဆိုနိုင်သည်။ရိုးရှင်းလှသည့် နှစ်ထပ်အိမ် များဖြင့် တည်ဆောက်ထားသည့် မကျည်းကန် CBTမှာ တခြားပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်ဖော်ဆောင်နေသည့် CBTများထက် ပိုပြီးအောင်မြင် သည်ဟု ဆိုနိုင်ပါသည်။


ဒေသ၏ အကျိုးစီးပွားကို တိုက်ရိုက်ရရှိခံစားရနိုင်သည့် တစ်ခုတည်းသော ခရီးသွား လုပ်ငန်း တစ်ခုဖြစ်ကာ ဒေသ၏ အလုပ်အကိုင် အခွင့်အလမ်းကိုလည်း ဖန်တီးပေးနိုင်ခြင်းကြောင့် အကျိုးကျေးဇူးများစွာရရှိသည်ဟုဆိုပါသည်။အများအားဖြင့် CBTမှာ အိမ်နီးချင်းထိုင်းနိုင်ငံတွင်လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက အောင်မြင်လာခဲ့သည့် လုပ်ငန်းဖြစ်သည်။

” CBT ဖွင့်လိုက်တဲ့အတွက် လူနေမှု စနစ်ကတော့ အရင်ထက်စာရင် အဆင့်အတန်းကတော့ ပြောင်းလဲသွားကြတယ်၊ ဆက်ဆံတာတွေကအစပေါ့၊ နိုင်ငံစုံနဲ့ ဆက်ဆံရတာနားလည်သွားပြီ ။ ချမ်းသာလောက်အောင်တော့ မချမ်းသာပါဘူး၊ဒါပေမယ့် ပုံမှန်ဝင်ငွေလေးတစ်ခုလောက်တော့ရသွားတယ်” ဟု ဥက္ကဋ္ဌ ဦးပန်းမွှေးက ပြောသည်။
တစ်နှစ်တစ်နှစ် မကျည်းကန်CBT မှ ရရှိသည့် ကျေးရွာ ရံပုံငွေမှ ရရှိသည့် ဝင်ငွေများကို ကျောင်းသူကျောင်းသားများအတွက် လိုအပ်သည်များကို ထောက်ပံ့ပေးခြင်း၊ ရွာရှိ ကိုယ်ဝန်ဆောင်များအား ထောက်ပံ့ပေးခြင်း၊ ကျေးရွာ မီးလင်းရေး များနှင့် ဒေသဖွံံ့ဖြိုးရေးများတွင် ပြန်လည်သုံးစွဲ သွားနေကြောင်းသိရသည်။

ထို့ကြောင့် CBT လုပ်ငန်းကို ဟန်ချက်ညီညီပူးပေါင်းအကောင်အထည်ဖော်မှသာ အောင်မြင်မည်ဖြစ်ပြီး ကျေးရွာရှိဒေသခံများ၏ စိတ်ဝင်စားမှုကလည်း အရေးကြီးခြင်းကြောင့် တဖြည်းဖြည်းနှင့် အောင်မြင်လာခဲ့သည့် မကျည်းကန်CBT ရွာ က သက်သေတစ်ခုပင်ဖြစ်ပါတော့သည်။

Travelling_Journal/Vol_1_Issue_22

Photo_Aungkhine