ဝမ်ဆိုင်းကျေးရွာအား Eco Tourism Site အဖြစ် ဖော်ဆောင်​သွားမည်

Travelling journal ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်ရှိ ဝမ်ဆိုင်းကျေးရွာအား Eco Tourism Site အဖြစ် ဖော်ဆောင်ရန် ရှမ်းပြည်နယ် ဒေသဆိုင်ရာခရီးသွားကော်မတီမှ စီစဥ်နေကြောင်း ဟိုတယ်နှင့်ခရ ...

Travelling journal

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်ရှိ ဝမ်ဆိုင်းကျေးရွာအား Eco Tourism Site အဖြစ် ဖော်ဆောင်ရန် ရှမ်းပြည်နယ် ဒေသဆိုင်ရာခရီးသွားကော်မတီမှ စီစဥ်နေကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ( ကျိုင်းတုံ) မှ လက်ထောက်ညွန်ကြားရေးမှူး ဦးစန်းလှိုင် က Travelling journal သို့ပြောသည်။

ဝမ်ဆိုင်းကျေးရွာ တွင် နှစ်ပေါင်း ၇၀၀ နီးပါး သက်တမ်းရှိ လက်ဖက်ပင်များရှိပြီး ယင်းဒေသသို့ ပြီးခဲ့သည့် မေလ၂၇ ရက်ကကွင်းဆင်းခဲ့ကြောင်း ၄င်းက ပြောသည်။

” ဌာနေသူတွေနဲ့ပေါင်းပြီး စီစဉ်ဖို့ရှိတယ်။ သူတို့လက်ဖက်စိုက်ခင်းတွေက ဟိုးဘိုးဘွားဘီဘင်ကတည်းက စိုက်ပျိုးလာခဲ့တာဖြစ်တယ်။အီကိုဆိုဒ်တစ်ခု ဖော်ဖို့ လုပ်ထားတာက ကြာပါပြီ။ အဓိကက လမ်းပန်းဆက်သွယ်ရေးပေါ့။ ပေငါးထောင်ကျော်လောက်မြှင့်တယ်။ မိုးတွင်းဆို ဆိုင်ကယ်တောင်သွားလို့မရဘူး။ အတက်အဆင်းများတော့ အန္တရာယ်လည်းများတယ်လေ။အဲဒီရွာဘက်ကို လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းဖို့ တိုင်ပင်နေကြတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းပြီးမှပဲ ကျန်တာကို စီစဉ်လို့ရမှာဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။

ကျိုင်းတုံ မြို့မှ နောင်ငင်းရွာအထိ သွားရပြီး ယင်းမှ ဝမ်ဆိုင်းရွာသို့ သွားရောက်လေ့လာလည်ပတ်နိုင်ကြောင်းသိရသည်။

“နောင်ငင်းရွာက ရှမ်းရွာ လှတယ်။ အဲဒီရွာနားကနေ ထပ်သွားရတာ။ နောင်ငင်းရွာထိက လမ်းကောင်းတယ်။ ဝမ်ဆိုင်းရွာသွားတဲ့လမ်းကမြေသားလမ်း အခုကွန်ကရစ်လမ်းခင်းနေပြီ။ ဒီဒေသကို ယူနက်စကိုထဲထည့်ဖို့တော့ ဆွေးနွေးခဲ့ကြတယ်။ အဓိကနှစ်ချက်က ယူနက်စကိုထဲထည့်ဖို့ ဘယ်လိုလုပ်ကြမလဲ။ နောက်တစ်ချက်က အီကိုတိုးဆိုဒ်ဖော်ဖို့ လာလေ့လာကွင်းဆင်းတဲ့သဘောပါ”ဟု ၄င်းက ပြောသည်။

အဆိုပါဒေသအား Eco Tourism Site တစ်ခု ဖော်ဆောင်ရန် အတွက် ရင်းနှီးမြှုပ်နှံသူ တစ်ဦးလည်းရှိနေပြီဖြစ်ကြောင်း သိရသည်။

” ကျွန်တော် က ဒီဒေသကို အရမ်းဖြစ်စေချင်ပါတယ်။ ဖော် ဆောင်ချင်ပါတယ်။ လုပ်ပေးချင်ပါတယ်။ဒီဒေသရဲ့လက်ဖက်နဲ့ပတ်သက်တဲ့အပိုင်းကိုသေချာသိတော့လုပ်သွားဖို့ရှိပါတယ်။ဒေသရိုးရာ ဒေသအစားအစာ တွေကို ဖိတ်ခေါ်သွားမယ်။လက်ဖက်စို နဲ့လည်းဧည့်ခံမယ်ရောင်းလည်းရောင်းမယ်။စိတ်ဝင်စားတယ်။ကိုဗစ်ပြီးအလွန်ကျရင်တော့ စတင်အကောင်အထည်ဖော်ချင်ပါတယ်။ ကျိူင်းတုံကိုပိုပြီး နာမည်ထွက်​အောင်လူသိစေချင်တယ်။ တောင်ပေါ်ဒေသ တောင်သူတွေကိုလည်း ကူညီချင်တယ်။ ခရီးသွားလည်း ပိုပြီးလွယ်ကူအောင် ဆောင်ရွက်ပေးချင်ပါတယ်။ ဝိုင်းဝန်းကူညီပေးတဲ့သူတွေကိုလည်းကြိုဆိုပါတယ်” ဟု Developer လုပ်ကိုင်မည့်လုပ်ငန်းရှင်က Travelling journal သို့ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ဒေသအားခရီးသွားလုပ်ငန်းတိုးတက်လာစေရန်အတွက် ရှမ်းပြည်နယ်အစိုးရအနေဖြင့် ဆောင်ရွက်လျက်ရှိနေပြီး ဝမ်ဆိုင်း​ကျေးရွာ ၊လွိုင်မွေ ပန်ဝိုင် တို့ကိုလည်း Ecotourism ဖော်ဆောင်နိုင်ရန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းနှင့် ဖားရံနွဲ့ရွာကိုလည်းCBTဖော်ဆောင်ရန် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က Travelling journal သို့ပြောသည်။

“Coffee culture ကိုလည်း ပြန်အသက်သွင်းမယ်။ ဝမ်ဆိုင်းရွာမှာရှိတဲ့တောင်သူတွေအတွက်
အခက်အခဲက ချေးငွေပါ။ ချေးငွေရဖို့လည်းကျွန်တော်တို့ကြိုးစားပေးသွားပါမယ်”ဟု ၄င်းက ပြောသည်။

Photo Sayar Soe Apn FB/ Ye Myint Aung FB