Travelling journal
ဟိုတယ် အပေါင်ပစ္စည်း ပေးပြီး Hotel Loan ယူမည်ဆိုပါက မြန်မာ့ခရီးသွားဘဏ်မှ ချေးငွေ ထုတ်ချေးပေးမည်ဖြစ်ကြောင်း မြန်မာ့ခရီးသွားဘဏ်မှ တာဝန်ရှိသူတစ်ဦးက Travelling journal သို့ ပြောသည်။
လက်ရှိအချိန်ကာလတွင် ကိုဗစ်ရောဂါဖြစ်ပွားနေခြင်း ကြောင့် ခရီးသွားလုပ်ငန်းများရပ်တန့်ခဲ့ပြီး စျေးကွက် ပျက်သွားခဲ့သည်။ ကိုဗစ် ကင်းစင်သွားလာ ပြီး ပြန်လည်လုပ်ငန်းများ စတင်နိုင်မည့်အချိန်ကာလရောက်ပြီဆိုပါက လိုအပ်နေသည့် ချေးငွေ များကို ထုတ်ချေးပေးရန် အစီအစဥ်များရှိကြောင်း ယင်း ဘဏ်၏ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
” MTB ဘဏ် ကနေ Hotel တွေ ကို Loan ချေးတာ ကို ပေးပါတယ်”ဟု မြန်မာ့ခရီးသွားဘဏ် မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဒေါ်သိဂီလင်းက Travelling journal သို့ ပြောသည်။
လက်ရှိတွင် နိုင်ငံတော်အစိုးရမှ ကိုဗစ်ရောဂါဖြစ်ပွားခြင်းကြောင့် လုပ်ငန်းများ ရပ်ဆိုင်းကာ ပြန်လည်လှည်ပတ်မှုမရှိသည့် လုပ်ငန်းများကို အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် တစ်နှစ် ချေးငွေ များကို နယ်ပယ်အသီးသီးလိုက် ထုတ်ချေးပေးထားပြီးဖြစ်သည်။
“အစိုးရ က အခုချေးပေးတဲ့ ချေးငွေကလည်း ဝန်ထမ်းလစာ သုံးလစာကိုပဲ အဓိက ထားပေးတာဖြစ်ပါတယ်။
ထပ်ပြီး လည်ပတ်ဖို့ကျတော့ လိုနေတာပေါ့။ တစ်ချို့ဟိုတယ်တွေကျတော့ ဘဏ်ချေးငွေနဲ့ ချေးထားပေမယ့် ဘဏ်ကလည်း သုံးလလောက်ပဲ အတိုးသွင်းခွင့် နောက်ဆုတ်ပေးခဲ့တာ။ အတိုးက မဖြစ်မနေ သွင်းရတာလေ။ ထပ်ချေးမယ်ဆိုရင်လည်း ဘဏ်တွေက ဟိုတယ် တွေကို ထပ်မချေးပေးတော့ဘူး။ ထပ် ချေးမယ် ဆို ရင် နောက်ထပ် အိမ်တွေရှိလို့ လုပ်ငန်းဘာလဲဆိုရင် ဟိုတယ်ဆိုရင် ဘဏ်တွေက လောလော ဆယ် မချေးချင်ကြ တော့ဘူး။ ချေးရင်လည်း နည်းနည်းပဲရတော့တယ်။ အဲဒီလိုတွေဖြစ်နေတာ။ ဟိုတယ်တွေပဲဖြစ်ဖြစ် ဘယ်လုပ်ငန်းဖြစ်ဖြစ်ပါ အပေါင်ပေးမယ်ဆိုရင် ချေးပေးသင့် တယ်။ ဘဏ်တွေမှာ ဟိုတယ်ဆိုရင် ချေးရတာ ခက်သွားပြီ”ဟု တောင်ကြီးဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမင်းဇော် က ပြောသည်။
လက်ရှိတွင် မြန်မာ့ခရီးသွားဘဏ်(Myanma Tourism Bank) မှ ဘဏ်ခွဲပေါင်း (၆) ခုကို ပြည်နယ်နှင့် တိုင်းတစ်ချို့တွင် ဖွင့်လှစ်ပြီး ဘဏ် ဝန်ဆောင်မှုများကို ဆောင်ရွက် ပေးနေကြောင်း သိရသည်။