Travelling journal
မြစ်ကြီးနားမြို့တွင် ဉာဏ်တော် ၁၀၈ ပေ အမြင့်ရှိထိုင်တော်မူ ဗုဒ္ဓရုပ်ပွါးတော်ကို စတင် တည်ထားကိုးကွယ် ထားကြောင်း မဇ္ဇိုမ မနောသုခဖောင်ဒေးရှင်းကျောင်းမှဆရာတော်ဦးနေမ္မိတ က Travelling journal သို့ မိန့်ကြားတော်မူသည်။
“လွန်ခဲ့တဲ့ လေးနှစ်ကတည်းက တည်ဆောက်နေတာပါ။ ရည်ရွယ်ချက်က ဒီဘက်မှာ သာသနာတော် အရမ်းကြီးလည်းမထွန်းကားသေးဘူး။ ၇ ရက်သားသမီးတွေကို ကုသိုလ်ရစေချင်တာမို့ ရည်ရွယ်ပြီး တည်ဆောက်တာဖြစ်တယ်”ဟု ဆရာတော်ဦးနေမ္မိတ က Travelling journal သို့ မိန့်ကြားတော်မူသည်။
မြစ်ကြီးနား မြို့ ပလန ကျေးရွာ ၊မြစ်ဆုံသွားသည့်လမ်းတွင် ရှိပြီး ပလန၂ ကံ့ကော်မြိုင်ကျေးရွာရှိ မဇ္ဇိုမ မနောသုခဖောင်ဒေးရှင်းကျောင်းအတွင်း တည်ထားကိုးကွယ် ထားရှိကြောင်း ဆရာတော်က မိန့်တော်မူသည်။
“အရမ်းသပ္ပါယ်တယ်။ အခုလို မြစ်ကြီးနားမြို့ပေါ်မှာ သွားရောက်ဖူးမြှော်လို့ရတဲ့ နေရာတစ်ခုတိုးလာတာပေါ့။ အခု ဒီမှာက မြူတွေ ထနေတဲ့အချိန်ဆိုတော့ မနက် အာရုံပိုင်း သွားတဲ့အခါ မြူတွေကြားထဲမှာ အရမ်းကို သပ္ပါယ်တာပဲ”ဟု နိုဝင်ဘာ ၁၉ ရက်က သွားရောက် ဖူးမြှော်ခဲ့သည့် ဝိုင်းမော်ဒေသခံ ဒေါ်ရွှေရွှေမြင့်က Travelling journal သို့ ပြောသည်။
မဇ္ဇိုမ မနောသုခဖောင်ဒေးရှင်းကျောင်းကို ကျောင်းထိုင် ဆရာတော် ဒေါက်တာအရှင် နန္ဒဝံသ က ဦးဆောင်ပြီး ဧက ၂၀ ကျယ်ဝန်းသည့် ကျောင်းဝင်းအတွင်း မဇ္ဇိုမ လာဘ ဗောဓိမြတ်စွာ ဘုရား တည်ထားကိုးကွယ်ထားရှိခြင်းနှင့် သူငယ်တန်းမှ ၁၀တန်းအထိ ကျောင်းအိပ် ကျောင်းစား တက်ရောက်နိုင်သည့် အခမဲ့ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကိုလည်း ဖွင့်လှစ်ထားပေးကြောင်း သိရသည်။