လိုဏ်ဂူကျွန်းတွင် ခရီးသွားလုပ်ငန်း လုပ်ကိုင်ရန် BOT စနစ်ဖြင့် ထိုင်း- မြန်မာ ကုမ္ပဏီတို့ပူးပေါင်း လုပ်ကိုင်ခွင့် နှစ် ၅၀ ရရှိ

ယဉ်ယဉ်လှ တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းခရိုင်အတွင်းရှိ လိုဏ်ဂူကျွန်းတွင် ခရီးသွားလုပ်ငန်းများလုပ်ကိုင်ရန်ထိုင်း- မြန်မာကုမ္ပဏီတို့ ပူးပေါင်းပြီး BOT စနစ်ဖြင့် လုပ်ကိုင်ခွင့် နှစ် ၅၀ ရရှိကြ ...

ယဉ်ယဉ်လှ

တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းခရိုင်အတွင်းရှိ လိုဏ်ဂူကျွန်းတွင် ခရီးသွားလုပ်ငန်းများလုပ်ကိုင်ရန်
ထိုင်း- မြန်မာကုမ္ပဏီတို့ ပူးပေါင်းပြီး BOT စနစ်ဖြင့် လုပ်ကိုင်ခွင့် နှစ် ၅၀ ရရှိကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါကျွန်း၌ ဟိုတယ်များကို စတင် တည်ဆောက်နေပြီး Resort အဆင့် ဟိုတယ်များကို
တည်ဆောက် သွားမည်ဖြစ်ကြောင်း ဟိုတယ်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသူ ဒုအထွေထွေ
မန်နေဂျာ ဦးမျိုးတင့်က Travelling ဂျာနယ်သို့ ပြောသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုကို မြေဧက ၁၅၈ ဧက ပေါ်တွင် ဘန်ဂလိုပုံစံ အဆောက်အဦများကို တည်ဆောက်နေပြီိး ပထမအဆင့်အနေဖြင့် ၁၆ လုံးကို တည်ဆောက်သွား မည်ဖြစ်ကြောင်း သိရသည်။

’’ Phase 2 ကတော့ ဘယ်နှစ်လုံး ဆောက်မယ်ဆိုတာ မသတ်မှတ်ထားသေးဘူး။ လောလောဆယ် နာမည်ကိုလှိုဏ်ဂူကျွန်း နာမည်ပဲ ပေးထားသေးတယ်’’ ဟု ၄င်းက ပြောသည်။

ထို့အပြင် လိုဏ်ဂူကျွန်း၏ အရှေ့ဘက် အော်တွင် snorkeling ငုပ်နိုင်သည့်နေရာရှိသလို ကျွန်း၏ မြောက်ဘက်ခြမ်းတွင် လူဝံ ကျောက်ဆောင်ပုံဏ္ဍာန်တည်ရှိ သည့်ကျောက်ဆောင်နား၌ လည်း snorkeling ငုပ်လို့ကောင်းသည့်နေရာရှိ ကြောင်း သိရသည်။

’’တိုင်းဒေသကြီး အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ရင်းနှီးမြှုပ်နှံတာဖြစ်ပါတယ်။ ခွင့်ပြုမိန့်တွေလည်း ကျပြီးပြီ။ ထိုင်အခြေစိုက် ကုမ္ပဏီ တစ်ခုနဲ့ BOT လုပ်တာ ဖြစ်တယ်။ လောလော ဆယ် နှစ် ၅၀ လုပ်ပိုင်ခွင့်ရတယ်’’ဟု ဦးမျိုးတင့်က
ပြောသည်။

လိုဏ်ဂူကျွန်းသို့ ကော့သောင်း-ဘုတ်ပြင်း လမ်း ၃၈ မိုင်မှ လာရောက်နိုင်ပြီး ဂျပန်ကမ်းခြေမှတဆင့်လည်း လာ
ရောက်နိုင်ကြောင်း သိရသည်။ ’’အဓိက ကမ်းခြေကို base ထားပြီးတော့ ကမ်းခြေကနေ လှိုဏ်ဂူကျွန်းကို လိုအပ်တဲ့
ပစ္စည်းတွေ သယ်ယူပို့ဆောင်တာတွေ လုပ်ပါတယ်။ ဇက် နဲ့ ကူးတာပေါ့။ ကမ်းခြေကနေ လှိုဏ်ဂူကျွန်းကို ၃၄ မိုင်ဝေးပါ တယ်’’ဟု ၄င်းက ပြောသည်။

ဂျပန်ကမ်းခြေကို အခြေခံထားပြီး ကမ်းခြေအနီး ၃၅ မိုင် အတွင်း သွားရောက်လည်ပတ်နိုင်သည့် ကျွန်းများမှာ
ငှက်သိုက်ကျွန်း၊ သန္တာနီကျွန်း၊သန္တာနက်ကျွန်း၊ ခါးပတ် ကျွန်း၊ လန်ပိကျွန်း၊ ကျွန်းဖီလာ၊ ဝ အလယ်ကျွန်း၊ ဂျလန်း
ကျွန်း၊ လှိုဏ်ဂူကျွန်း၊ ၁၁၅ ကျွန်း၊ ဖိုးနီဘာလားကျွန်း ၊ ဗိုလ်နက်ကျော်ကျွန်း၊ မကြုံဂလက် ရွာ၊ ညောင်ဝီးရွာ တို့ကိုလည်း သွားရောက်လည်ပတ်နိုင်ကြောင်း သိရသည်။

Vol_1_Issue_20

Photo_K&L Travel & Tour