Travelling journal
ကချင်ပြည်နယ် မိုးကောင်း မြို့၏ အမြင့်ဆုံးတောင်ဖြစ်သည့် လွယ်ဟင်းချယ်တောင် တိမ်ပင်လယ်ကြည့်ရှုပြီး တောင်ခြေရှိ ကြာအင်းရွာ နှင့် ရွှေဝက်တိုး ဘုရား ဖူး လမ်းကြောင်းခရီးစဥ်သစ်ကို ဖော်ဆောင်မည်ဟု မြစ်ကြီးနား အခြေစိုက် နွေဦးခရီးသွားကုမ္ပဏီ မှ ဒါရိုက်တာဒေါ်ရွှေရွှေမြင့်က Travelling journal သို့ ပြောသည်။
မိုးကောင်းမြို့မှကြာအင်းရွာသို့ သွားရောက်ပြီး ကြာအင်းရွာတောင်ခြေမှ တောင်ပေါ်သို့ တစ်နာရီဝန်းကျင်ခန့် လမ်းလျှောက်ရမည်ဖြစ်ကာ တိမ်ပင်လယ် ကိုကြည့်ရှုပြီးနောက် ရွှေဝက်တိုးဘုရားကို သွားရောက်ပြီးဖူးမြှော်နိုင်မည်ဖြစ်ကြောင်း သိရသည်။
မိုးကောင်းမြို့ လွယ်ဟင်းချယ်တောင်၏ တိမ်ပင်လယ် သည် နိုဝင်ဘာ လမှ ဖေဖေါ်ဝါရီလအထိ တိမ်ပင်လယ်ကို မြင်တွေ့နိုင်ပြီး တောင်ပေါ်မှ ၃၆၀ ဒီဂရီ ပတ်လည်မြင်ကွင်းအထိ မြင်တွေ့ခံစားနိုင်ခြင်းက ထူးခြားမှု ဖြစ်
ကြောင်း ကချင်ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဦးခိုင်ဝင်းက Travelling journal သို့ ပြောကြားသည်။
မိုးကောင်းမြို့၏ တိမ်ပင်လယ်ခရီးစဉ်ဒေသသစ်ဖော်ဆောင်နိုင်ရန် အတွက် ဒီဇင်ဘာ လ (၁၉) ရက်တွင် ကချင်ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဦးခိုင်ဝင်းနှင့်အဖွဲ့မှ သွားရောက်လေ့လာ ကွင်းဆင်းခဲ့သည်။
” လွယ်ဟင်းချယ် တောင်ပေါ်ကနေ တောင်ခြေကို ဆင်းလာတဲ့အခါမှာ နောက်ထပ် ၁၀ မိနစ်လောက်ပဲ သွားရင်
ရွှေဝက်တိုးဘုရားကို ရောက်တယ်။ အရင်က နာမည်ကြီးခဲ့တဲ့ဘုရား။ လူတွေက မဖော်ဆောင်မိတော့ တိမ်မြှုပ်နေသလိုဖြစ်သွားတာ”ဟု မိုးကောင်း ဒေသခံ တစ်ဦးက ပြောသည်။
ထို့ပြင် မိုးကောင်းမြို့၏ ကျောက်ဝိုင်းမှာ ယခင်က တည်းက နာမည်ကြီးခဲ့သည့် ကျောက်ဝိုင်းဖြစ်သလို မန္တလေး ကျောက်ဝိုင်း မိုးကုတ်ကျောက်ဝိုင်းထက် ပိုပြီး စောသည့် ကျောက်ဝိုင်းဖြစ်သော်လည်း တိမ်မြှုပ်ခဲ့ခြင်းကြောင့် ပြန်လည် ပေါ်ပေါက်လာရန်အတွက် မိုးကောင်းကျောက်ဝိုင်းကို ပြန်လည် ဖော်ထုတ်သွားရန်ကြိုးစားနေကြောင်းဒေသခံများထံမှ သိရသည်။
ထို့ပြင် မိုးကောင်းမြို့ နန့်ရင်းရပ်ကွက် တွင် ကျောက် သွေးလုပ်ငန်းလုပ်သည့် အိမ်များရှိပြီး အရိုင်းမှ အချောထိ အဆင့်ဆင့်ကျောက်သွေးရသည့် မြင်ကွင်းများကို လေ့လာနိုင်ကြောင်း သိရသည်။
” တောင် ပေါ်ကနေ ဆင်းလာပြီး ရင်ဘုရားကိုသွားမယ်။ ပြီးရင် ကျောက်သွေးတဲ့ အိမ်တစ်အိမ်နှစ်အိမ်ကို ခေါ်သွားပြမယ်။ရန်ကုန် ၊ မန္တလေး ကနေ လာတဲ့ဧည့်သည်ဖြစ်ဖြစ် နယ်စပ်ကလာတဲ့တရုတ်ဧည့်သည်ပဲ ဖြစ်ဖြစ် ကျောက်သွေးလုပ်ငန်းကိုပြမယ်။ဘယ်လိုထွင်းတယ်ဆိုတာကိုပြပေးမယ်။ မိုးကောင်းကို ပြည်တွင်းပြည်ပ ခရီးသွား တွေ လာရောက်စေလိုတာမို့ ကြိုးစားသွားမယ်”ဟု နွေဦးခရီးသွားကုမ္ပဏီ မှ ဒါရိုက်တာ ဒေါ်ရွှေရွှေမြင့်က Travelling journal သို့ ပြောသည်။
ထို့ပြင် ဒေသခံတစ်ဦးဖြစ်သည့် ဦးဝင်းနိုင်က မိုးကောင်း ဒေသထွက်အစားအစာများ မိုးကောင်းဒေသ၏ မိရိုးဖလာကျောက်သွေးလုပ်ငန်းများကိုလည်းလေ့လာနိုင်ကြောင်း ပြောကြား သည်။
မြစ်ကြီးနားလာရောက်သည့် ခရီးသွားအများစုအဖြင့် မြစ်ဆုံ လည်ပတ်ပြီးပါက ခရီးစဥ် ပြီးဆုံးသွားပြီးလည်ပတ်စရာမရှိတော့သည့်အနေအထားဖြစ်နေသည့်အတွက် မိုးကောင်းမြို့သို့လာရောက်လည်ပတ်စေလိုပြီး
ခရီးစဥ် ဒေသအဖြစ် ပေါ်ပေါက်လာစေလိုခြင်းဖြစ်ပြီးမိုးကောင်းမြို့၏ တိမ်ပင်လယ်ခရီးစဉ်ဒေသသစ်ဖော်ဆောင်နိုင်ရေးအတွက် “We Love Mogaung” Group နှင့် နွေဦးခရီးသွားကုမ္ပဏီတို့မှ စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် လွယ်ဟင်းချယ် တောင်ပေါ်သို့ နေ့စဥ် မြစ်ကြီးနား နှင့် မိုးကောင်းဒေသခံ လူဦးရေ ၁၀၀ ကျော် တက်ရောက်လျက်ရှိကြောင်း သိရသည်။