ပြည်ပရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်းကျော်လွန်သည့် နိုင်ငံခြားသားခရီးသွားကုမ္ပဏီ ၄၃ ခုအား ခရီးလှည့် လည်ရေးလုပ်ငန်းလိုင်စင်သက်တမ်းထပ်တိုးခွင့် မပြုတော့ ဟု ဟိုတယ်/ခရီးမှ တာဝန်ရှိသူပြော

ပြည်တွင်း/ပ ခရီးသွားလုပ်ငန်းတွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခွင့် မရှိ​ Travelling Journal ပြည်ပ ရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်းကျော်မြှုပ်နှံထားသည့် နိုင်ငံခြားသားခရီးသ ...

ပြည်တွင်း/ပ ခရီးသွားလုပ်ငန်းတွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခွင့် မရှိ​

Travelling Journal

ပြည်ပ ရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်းကျော်မြှုပ်နှံထားသည့် နိုင်ငံခြားသားခရီးသွားကုမ္ပဏီ ၄၃ ခုအား ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင် သက်တမ်းထပ်တိုးခွင့်ကို ခွင့်မပြုတော့ ဟု ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယညွန်ကြားရေးမှုးချုပ် ဦးအောင်အေးဟန် က Travelling Journal သို့ ပြောသည်။

ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုရာခိုင်နှုန်း အချိုးအစားအား ပြန်လည်ပြင်ဆင်ရန် ကုမ္ပဏီများအား အကြောင်းကြားထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိ ရှိနေသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် ကိုက်ညီမှု မရှိတော့သည့် ပြည်တွင်း ခရီးလှည့်လည်ရေး လုပ်ငန်း လိုင်စင်ရ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ၁၀၀ ရာခိုင်နှုန်းကုမ္ပဏီ (၁) ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (၄၀) ရာခိုင်နှုန်း အထက် ရှိနေသည့် ဖက်စပ် ခရီးသွားလှည့်လည်ရေးကုမ္ပဏီ (၄၂) ခု တို့အား သက်တမ်းတိုး ဆောင်ရွက်လာသည့်အခါ ဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံမှု ရာခိုင်နှုန်း အချိုးအဆကို ပြန်လည်ပြင်ဆင်ရန် ဝန်ကြီးဌာန မှ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

“ ဒါက ဟိုတယ်/ခရီးရဲ့သဘောထား မဟုတ်ဘူးလေ၊ DICAရဲ့ ကန့်သတ်ချက်ကြောင့်ဖြစ်တယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ နိုင်ငံခြားသား ကုမ္ပဏီ ကို ၃၅ ရာခိုင်နှုန်း ကျော်တာနဲ့ နိုင်ငံခြားသားကုမ္ပဏီလို့ သတ်မှတ်တယ်။ နိုင်ငံခြားသားနဲ့ မြန်မာနိုင်ငံသား ဖက်စပ် လုပ်ကိုင်တဲ့ လုပ်ငန်းတွေလည်း ရှိသလို အဲဒီမှာ ပြည်တွင်း/ပြည်ဝင်ခရီးသွားလုပ်ငန်းက ပါဝင်နေတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်း အချိုး ကျော်တာနဲ့ နိုင်ငံခြားသားကုမ္ပဏီလို့ သတ်မှတ်လိုက်တယ်။ အဲဒါဆိုရင် ခုနက နိုင်ငံခြားသားလုပ်ကိုင်ခွင့်ထဲမှာ ပြည်တွင်းပြည်ဝင်ခရီးသွား လုပ်ငန်းက မပါတော့ဘူး။
ပြည်တွင်း/ပ ခရီးသွားလုပ်ငန်းမှာ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခွင့် မရှိ​ဘူး။ ဖက်စပ်ပဲ လုပ်လို့ရတယ်၊ ၃၅ ရာခိုင်နှုန်း ကျော်လို့မရဘူး။ ၃၅ ရာခိုင်နှုန်း ကျော်တာနဲ့ ဖက်စပ်မဟုတ်တော့ဘူး၊ နိုင်ငံခြားသားပိုင်ဖြစ်သွားပြီ၊ ဒါက ဆရာတို့ သတ်မှတ်တာ မဟုတ်ဘူး၊ ရင်းနှီးမြှုုပ်နှံမှုဥပဒေက သတ်မှတ်တာ’’ဟု ဦးအောင်အေးဟန် က ပြောသည်။

ဖက်စပ် လုပ်ကိုင်ထားသည့် ခရီးလှည့်လည်ရေး ကုမ္ပဏီများဖြစ်ပါက နိုင်ငံခြားသား၏ ရင်းနှီးမြှုပ်နှံမှုမှာ ၃၅ ရာခိုင်နှုန်းထက် မကျော်လွန် စေရကြောင်း၊ နိုင်ငံသားအား ၆၅ ရာခိုင်နှုန်း အထက် ရှိစေရန် ခရီးသွားလုပ်ငန်းကော်မတီ(နေပြည်တော်)မှ ရည်ညွန်းစာဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

’’ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနအနေနဲ့ တိုင်းရင်းသားလုပ်ငန်းရှင်တွေကို ပိုပြီးတော့ အခွင့်အလမ်း တွေ ရရှိစေချင်တဲ့ အတွက်ကြောင့်မို့ နဂိုကတည်းကပဲ ဖက်စပ်လုပ်ကိုင်ခွင့်ကို ပေးခဲ့တာဖြစ် တယ်။ ရာနှုန်းပြည့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံခွင့်ကို ခွင့်မပြုခဲ့ပါဘူး’’ ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန် က ပြောသည် ။

ပြည်ပ ၆၀ ရာခိုင်နှုန်း၊ပြည်တွင်း ၄၀ ရာခိုင်နှုန်းပါဝင်ထားသည့် ဖက်စပ်ခရီးလှည့်လှည်ရေးကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကလည်း ’’ပြည်ပရင်းနှီးမြှုပ်နှံမှုအများယူပြီးလုပ်တာကို မြန်မာကုမ္ပဏီတွေက သူတို့ ရဲ့ယှဉ်ပြိုင်မှုကို အားမရှိတဲ့ အတွက် ဝိုင်းပြီး တိုက်ကြတာ။ ပိုပြီးခက်ကုန်မှာပေါ့’’ဟု Travelling Journal သို့ပြောသည်။

သို့သော် ၁၅ / ၂၀၁၇ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံခွင့်မှာ ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခွင့် ရှိကြောင်းလည်း သိရသည်။

” တစ်အချက်က မြန်မာနိုင်ငံသားကို တာဝန်ခံ နာမည်ခံ ခိုင်းတဲ့ကုမ္ပဏီတွေများလာမယ်။ အဲဲဒီလိုခံခိုင်းတဲ့အတွက် တာဝန်ယူတာဝန်ခံ မှုတွေနည်းပြီး နိုင်ငံသားအပေါ်မှာ
ထိုးချတဲ့ အခြေအနေဖြစ်လာမယ်။ မဟုတ်တာတွေလုပ်သွားတာရှိရင်လည်း မြန်မာတွေကို ထိုးချပြီး ပြန်သွားကြမယ်။ သူတို့ကအလွတ်ရုန်းသွားမယ်။ အခုလည်း ရှိနေတာပဲ” ဟု လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအောင်မြတ်ကျော်က Travelling journal သို့ ထောက်ပြပြောဆိုသည်။