ပသိချောင်းအပန်းဖြေသဘာ၀ဥယျာဉ်စီမံကိန်း ကို ဇေကမ္ဘာ ကုမ္ပဏီ ဖော်ဆောင်နေ

မော်ကျွန်းသူ ကရင်ပြည်နယ် သံတောင်မြို့ ရှိ ပသိချောင်းကို ထိန်းသိမ်းစောင့်ရှောက်ပြီး သဘာ၀အခြေခံ အပန်းဖြေ စခန်းများသို့ သွားရောက်အနားယူနိုင်မည့် စီမံကိန်းကို ဇေကမ္ဘာကုမ္ပဏီမှ အကောင်အထည် ဖော်ဆောင် ...

မော်ကျွန်းသူ

ကရင်ပြည်နယ် သံတောင်မြို့ ရှိ ပသိချောင်းကို ထိန်းသိမ်းစောင့်ရှောက်ပြီး သဘာ၀အခြေခံ အပန်းဖြေ စခန်းများသို့ သွားရောက်အနားယူနိုင်မည့် စီမံကိန်းကို ဇေကမ္ဘာကုမ္ပဏီမှ အကောင်အထည် ဖော်ဆောင် သွားမည်ဖြစ်ကြောင်းသိရသည်။

ပသိချောင်းကို အခြေခံပြီး မြေဧက ၁၀၀ ပေါ်တွင် ပသိချောင်း အပန်းဖြေသဘာ၀ဥယျာဉ်စီမံကိန်း ကို ဇေကမ္ဘာကုမ္ပဏီမှ ဖော်ဆောင်သွားမည်ဖြစ်သည်။

လက်ရှိတွင် အမည်ပေါက် ၀ယ်ယူထားပြီးဖြစ်သည့် မြေဧက ၁၀၀ အတွင်း မြေပြင်ဆောင်ရွက်မှုများ ကို စတင်ဆောင်ရွက်နေသလို ကားလမ်းများလည်း ဖောက်လုပ်နေကြောင်း သိရသည်။

ထို့အပြင် အပန်းဖြေဥယျာဉ်ဖော်ဆောင်မည့် ဥယျာဉ် အတွင်း ဒေသမျိုးရင်း နှစ်ရှည်ပင်များဖြစ်သည့် ဒူးရင်း၊ ကြက်မောက်သီး၊ မင်းကွတ်သီး နှင့်လိုင်ချီးသီးပင်များကို အကွက်များဖြင့် စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။

’’ ပသိချောင်းက ရာသီမရွေး ရေစီးဆင်းနေတာမို့ ချောင်းနဲ့ သဘာ၀အလှအပများကြောင့် ဧည့်သည်တွေ လာရောက်အပန်းဖြေနေကြတယ်’’ဟု ပသိချောင်းအပန်းဖြေ စီမံကိန်းကို တာ၀န်ယူ ဆောင်ရွက်နေသည့် မနွယ်က ပြောသည်။

ယခုလက်ရှိအနေအထားမှာ ပသိချောင်းအတွင်း လာရောက်ရေကစားသူများအတွက် နားနေဆောင် သုံးလုံးဆောက်လုပ်ပေးထားပြီး ၀င်ကြေးအနေဖြင့် ပသိချောင်းအပန်းဖြေ သဘာ၀ဥယျာဉ်အတွင်းသို့ လာရောက်သည့် ကားကြီး ၊ကားသေးတစ်စီးကို ၁၀၀၀ ကျပ် ကောက်ခံလျက်ရှိကာ လူကြီးတစ်ဦးလျှင် ၁၀၀ ကျပ် သာ ကောက်ခံကြောင်း သိရသည်။

အဆိုပါ အပန်းဖြေသဘာ၀ဥယျာဉ်အတွင်း လာရောက်လည်ပတ်ကြမည့် နိုင်ငံခြားသားများ အတွက် ဇီ၀ဆိုင်ရာအပင်များလေ့လာခြင်း ၊ သုတေသနပြုခြင်း၊လမ်းလျှောက်ခြင်း၊ မြင်းစီးခြင်းစသည့် Activity များကို ဖန်တီးပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် အပန်းဖြေလာရောက်ကြမည့် ဧည့်သည်များအတွက် ဒေသထွက်ကုန်အမှတ်တရအရောင်းဆိုင်များ၊ စားသောက်ဆိုင်များ၊ နားနေဆောင်များလည်း ထည့်သွင်းသွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းကဲ့သို့ဆောင်ရွက်ရခြင်းမှာလည်း ပသိချောင်းပတ်၀န်းကျင်ဒေသ၏ သဘာဝဂေဟစနစ်မပျက်စီး မပျောက်ကွယ်စေရန်နှင့် ထိန်းသိမ်းထားခြင်းနှင့် သဘာဝတောတောင် စိမ်းလန်း စိုပြေသာယာလှပ မှုကို မှီခို၍ ဇီ၀မျိုးစိတ် များဖြစ်သည့် သက်ရှိသက်မဲ့ သတ္တဝါနှင့် အပင်များ၏ သာယာလှပမှုကိုလည်း ပြည်သူများ အတွက် ကြည်နူးပျော်ရွင်စေမည့် အကျိုးကျေးဇူးများရရှိစေရန် ရည်ရွယ်၍ဖော်ဆောင်ခြင်း ဖြစ်ကြောင်းသိရသည်။

Travelling_Journal/Vol_1_Issue_14

Photo_ဇေကမ္ဘာ