ကလော – အင်းလေး Trekking လျှောက်ရင်း ပတ္တူပေါက်ကျေးရွာရှိ တိမ်ပင်လယ်ရှုခင်းအလှကို ကြည့်ရှုခံစားနိုင်

Travelling journal ကလော -အင်းလေး Trekking လမ်းကြောင်းပေါ် ရှိ ခရီးသွားဧည်သည့် အများစု ညအိပ်စခန်းအဖြစ် အခြေ ချသည့် ပတ္တူပေါက်ကျေးရွာတွင် Trekking လျှောက်ရင်း တိမ်ပင်လယ်ရှုခင်းအလှ ကို ခံစားကြည့် ...

Travelling journal

ကလော -အင်းလေး Trekking လမ်းကြောင်းပေါ် ရှိ ခရီးသွားဧည်သည့် အများစု ညအိပ်စခန်းအဖြစ် အခြေ ချသည့် ပတ္တူပေါက်ကျေးရွာတွင် Trekking လျှောက်ရင်း တိမ်ပင်လယ်ရှုခင်းအလှ ကို ခံစားကြည့်ရှုနိုင်ကြောင်း ရွာဒေသခံဧည့်လမ်းပြ ဖြစ်သူ ဦးဝေလျှံဖြိုးက Travelling journal သို့ ပြောသည်။

အဆိုပါကျေးရွာမှာ ကလောမြို့နယ် ငုတ်ကျေးရွာအုပ်စုအတွင်း တည်ရှိပြီး ပအို့ဝ်းတိုင်းရင်းသားများနေထိုင်ကြသည့်ကျေးရွာဖြစ်ကာ အိမ်ခြေ ၂၅၀ နီးပါးရှိကြောင်းသိရသည်။

’’ကလောက လာတဲ့ ညအိပ်ခရီးသွားတွေဆိုရင်ကျွန်တော် တို့ ရွာမှာပဲ Camp ညအိပ်ကြတယ်။ တခြားပြည်တွင်းခရီးသွားလုပ်တဲ့ သူတွေလည်း Camp နဲ့ အိပ်ကြတာရှိတယ်။ တောင်ပေါ်ကိုတော့ ဘယ်သူမှ တက်မကြည့်ကြဘူး”ဟု ဦးဝေလျှံဖြိုးက Travelling journal သို့ပြောသည်။

တောင်ကြီးမှ လာရောက်မည်ဆိုပါက အောင်ပန်းမြို့သို့ တစ်နာရီ ဝန်းကျင်သွားရပြီး ထိုမှတဆင့် ပတ္တူပေါက် ကျေးရွာသို့ ၄၅ မိနစ် ဝန်းကျင် ခန့်ထပ်မံ သွားရောက်ရမည်ဖြစ်ကာ ကျေးရွာမှ တဆင့် တောင်ပေါ်သို့ နာရီဝတ်ခန့် Trekking လျှောက်ရုံဖြင့် တိမ်ပင်လယ် ကြည့်ရှုနိုင်သည့် တောင်ကုန်းပေါ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အောင်ပန်းမြို့မှလာရောက်မည်ဆိုပါက အင်းတိန် သွားသည့် ကားလမ်းအတိုင်း လာရောက်ပါက မြေခြားရွာသို့ရောက်ရှိမည်ဖြစ်ကာ ထိုမှတဆင့် ငါးမိနစ်ခန့်ကြာပါက ပတ္တူပေါက် ရွာသို့ ရောက်ရှိမည်ဖြစ်ကြောင်း
သိရသည်။

“ပထမဆုံးသွားရောက်လေ့လာခဲ့တာပါ။အခု ဒီ လမ်း ကြောင်း က သွားနေကြ မြင်နေကြ ပုံစံမျိုးမဟုတ်ဘဲ
တမူကွဲထွက်နေတာပေါ့။ ခါတိုင်းသွားနေကျရင်ပင်းတယ-ရွာငံဘက်သွားတဲ့ တွေ့ရတဲ့ပုံစံက ဗျုးအကျယ်ကို တွေ့ရတယ်။ ဒီဘက် ဗျူးကတော့ ဗျူးမကျယ်ဘူး။ တောင်ကုန်းလေးတွေနဲ့ တွေ့ရတဲ့ ဟာလေးတွေက နည်းနည်းအမြင်တမျိုး ဆန်းတာမျိုးဖြစ်တယ်။ နောင်ချိုမှာကျတော့ ဒုဋ္ဌဝတီမြစ်ကနေ တက်လာတဲ့ တိမ်အလှက တစ်မျိုး၊အခု ပတ္တူပေါက်ကျတော့ တိမ်ရဲ့အောက်မှာစိုက်ခင်းတွေ့ရတယ်၊ကျွန်တော်ရောက်သွားတာက မနက် ၇ နာရီလောက်မှ ရွာထဲ ရောက်သွားတာ၊ ရွာထဲမှာ မြူတွေကျနေတာတော့ ကျန်နေသေးတယ်။ ရှိတော့ရှိပါ
မလားဆိုပြီး တောင်ပေါ် ခေါ်တက်သွားတော့ တိမ်ပင်လယ်ကို တွေ့ရတော့ အရမ်းအံ့သြသွားတယ်။
၈ ခွဲလောက် ထိကို ရှိနေသေးတယ်။ဒီနေရာကိုရောက်လာရင် တစ်မျိုးတစ်ဖုံ နေရာတွေဘယ်လောက်ပဲ လည်ခဲ့လည်ခဲ့ ဒီဒေသရဲ့ရသ အသစ်လေးကို ရောက်တဲ့ သူတိုင်းရဲ့ စိတ်ထဲမှာတော့ စွဲကျန်ခဲ့မှာပဲ’’ ဟု သွားရောက် လေ့လာခဲ့သည့် ကိုအောင်မျိုးက ပြောပြသည်။

အဆိုပါကျေးရွာသို့ပြည်တွင်းခရီးသွားများပိုပြီး လာရောက်စေချင်ကြောင်း မနက်စောစော တိမ်ပင်လယ်ကြည့် ပြီး ရွာထဲလေ့လာလည်ပတ်ကာ ဝါးရက်လုပ်သည့် မြင်ကွင်းများကိုလေ့လာကြည့်ရှုနိုင်ကြောင်း သိရသည်။

Photo Sai Aung Myoe