#Travelling journal
မြန်မာနိုင်ငံ၏ ပထမဆုံး ကျွန်းပေါ်အခြေပြု CBT ကိုဒုံးကျွန်းပေါ်တွင် ဖော်ဆောင်နေကြောင်း တနသ်ာရီတိုင်းဒေသကြီး ဟိုတယ် /ခရီး တိုင်းတာဝန်ခံ ဦးညိုအေးက Travelling journal သို့ ပြောသည်။
“တိုင်းအစိုးရ က ကျပ်သိန်း၁၀၀ ရယ်။မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်များအသင်းက ကျပ်သိန်း ၁၃၀ လောက်
မတည် ထည့်ဝင်ပြီး ဒီ CBTကို ဖော်ဆောင်ပေးတာပါ။ ကျန်တာကိုတော့ ကျေးရွာက လူတွေနဲ့ခရီးသွားအသင်း ညှိနှိုင်းချိတ်ဆက်ပြီး ဆက်လုပ်သွားကြမှာပါ။ ကျေးရွာ အပိုင်ထားခဲ့မှာ ပါ။ တခြား CBT တွေလို သုံးနှစ်ကာလမှာ ရင်းနှီးမြှုပ်နှံတဲ့သူကို ပြန်ပြီး ငွေပမာဏတစ်ခုပေးရတာမျိုးရှိတယ်။ ကျွန်တော်တို့ က တော့ စလုပ်ကတည်းက ခရီးသွားကုမ္ပဏီ ဘက် ကနေ ဧည့်သည်ပို့ပေးမယ်။ရလာတဲ့အကျိုးအမြတ်ကို သူတို့ယူ။ ထပ်ပြီးတိုးချဲ့တာရှိရင် သူတို့လုပ်။ ဝန်ဆောင်မှု ပိုင်းကိုတော့သင်တန်းမျိုးစုံပေးနိုင်အောင် ကျွန်တော်တို့က သင်တန်းပို့ချပေးပြီးပါပြီ။ တနေ့ကမှ ကျွန်းကနေ ပြန်လာတာပါ။ ကျွန်းပေါ် ပထမဆုံး CBT ဆိုတော့ အောင်မြင် ဖို့အလားအလာက အားကောင်းလာမယ်လို့ ယုံကြည်ပါတယ်”ဟု ဦးညိုအေးက Travelling journal ကို ပြောသည်။
တနသ်ာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်း ဒုံးကျွန်း ပေါ်တွင် ဆလုံလူမျိုးအများစု နေထိုင်ကြသည့် ဒုံးညောင်မှိုင်းကျေးရွာကို ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်း(CBT)ကျေးရွာအဖြစ် ဖော်ဆောင်ထားပြီး ပင် လယ်ပြင်အတွင်း ပြည်တွင်း၊ပြည်ပ ခရီးသည်များ ညအိပ်ခွင့်ရရှိမည့် ကျွန်းပေါ်CBT ဖြစ်လာမည်ဖြစ်သည်။
“ဘိတ်ကနေ ၄၈ မိုင်ခန့်ကွာဝေးပါတယ်။ Speed Boat နဲ့ ဆိုရင် နှစ်နာရီခန့်သွားရပါတယ်။ ဒီရွာလေးရဲ့ပတ်လည်အနီးတဝိုက်မှာ မြိတ်ခရိုင်ရဲ့ အဓိကပင်လယ်ပြင်ခရီးစဉ်တွေဖြစ်တဲ့ စမတ်ကျွန်း(ပါပန့်ကျွန်း)၊လေးကျွန်း၊ဘေလီကျွန်း၊နှစ်ဖက်လှကျွန်း၊နတ်သမီးရေတွင်းကျွန်း စတဲ့ကျွန်းတွေရှိပါတယ်။ အချိန်တိုတွင်း ဒုံးကျွန်းကနေ သွားရောက်နိုင်ပါတယ်”ဟု ကွင်းဆင်းလေ့လာခဲ့သည့် ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှုဦးစီးဌာန (ထားဝယ်ရုံးခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှုး ဦးလွှမ်းမိုးက Travelling journal ကို ပြောသည်။
ဒုံးညောင်မှိုင်းကျေးရွာတွင် ကရင်၊ဗမာ၊ဆလုံ လူမျိုးများအခြေချနေထိုင်ပြီး လူဦးရေ (၇၃၉ )ဦးနေထိုင်ပြီး ဆလုံလူဦးရေ ၂၀၉ ဦးနေထိုင်သဖြင့် ဆလုံကျေးရွာဟုလည်း ခေါ်ဆိုကြောင်း သိရသည်။
လက်ရှိတွင် ခရီးသည် (၁၆)ဦးတည်း ခိုနေထိုင်နိုင် သည့် အဆောက်အဦး များကို ဆောက်လုပ်လျက်ရှိနေကြောင်း ဒီဇင်ဘာလအတွင်း ဖွင့်လှစ်သွားရန် ရည်ရွယ်ထားပြီးတနသ်ာရီတိုင်းဒေသကြီးအတွင်း CBT ကျေးရွာ သုံးခုကို ဖော်ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။