မော်ကျွန်းသူ
ဘားအံမြို့ကို ရောက်ဖြစ်ခဲ့ရင် အလှပဆုံး တွေ့မြင်ရနိုင်တဲ့နေရာက တောင်တန်းခုံးခုံးလေးတွေနဲ့ တောင်ချင်းသွယ်ယှက်စွာ တည်ရှိနေတဲ့ နောင်လုံတောင် ကြား လမ်းကို မရောက်ဖူးခဲ့ရင် ခေတ်မမှီတော့ဘူးလို့တောင် ပြောစမှတ်ဖြစ်လာရပါပြီ။ အဲဒီ လောက်ထိ ခရီးသွား တွေအကြား မှာ ဖမ်းစားနိုင်လွန်းခဲ့ပါတယ်။
ဘားအံ မြို့ကို တောင်ကိုးလုံးနဲ့ ဝန်းရံထားတာမို့ တောင်တွေရဲ့မြို့တော်လို့ ဆိုချင်ပါတယ် ။ မိဇံတောင် ၊ မိကရင်တောင်၊ ဖားပုတောင်၊ ဖားကပ်တောင်၊ ထောင်ဝိတောင်၊ ထမင်းဆုတ်တောင်၊ ဇွဲကပင်တောင်၊ ကြာအင်းတောင်၊ ဖားမဲတောင် တို့က ဝန်းရံထားတယ်လို့ ဒေသခံ ဧည့်လမ်းညွန် ဦး သူရဦးက ဆိုပါတယ်။ တကယ်တော့ ကရင်ပြည်နယ် က တောင်တွေ ပေါများလွန်းသလိုဂူတွေရဲ့မြို့တော်လို့ လည်း တင်စားလို့ရပါတယ်။
တောင်တန်းတွေ ၊ တောင်တွေ ကို နှစ်သက်မိသူ စာရေးသူကတော့ နောင်လုံတောင်ကြားလမ်းကို မနက်ပိုင်းတစ်ကြိမ် ညနေပိုင်းတစ်ကြိမ် သွားရောက်ဖြစ်ခဲ့ပါတယ် ။
ဒါ့အပြင် နောင်လုံတောင်ကြားလမ်းကို ( S) လမ်းလို့လည်း ခေါ်တွင်တယ်လို့ ဒေသခံ ဧည့်လမ်းညွန် ဦးသူရဦးက လည်း ရှင်းပြပါတယ်။ တောအုပ်ဆိုင်းဆိုင်းရယ်။ အကွေ့အကောက်လမ်းတွေနဲ့ လှပနေမှုကတော့ နောင်လုံတောင်ကြားလမ်း ရောက်ဖူးသူမှန်သမျှ တွေ့မြင်သိမြင်နိုင်အောင် လှပလွန်းပါတယ်။
သဘာဝတရားနဲ့ ဟန်ချက်ညီအောင် လိုက်ဖက်အောင် တော်ပုံတောင်ကြားလမ်းတစ်လျှောက် မှာ ခေတ်မှီ အပန်းဖြေရီဆော့ဟိုတယ်တွေ ကို ဆောက်လုပ်ထားတာမို့ တခြားဟိုတယ်တွေနဲ့မတူတဲ့ ခံစားမှုရသကိုလည်း ရရှိစေပါတယ်။ ဒါကြောင့်မို့ ခရီးသွား အများစု က တောင်ကြားလမ်းမှာ ရှိကြတဲ့ ဟိုတယ်တွေမှာ တည်းခိုမှု များပြားလာခဲ့ပါတယ်။ စာရေးသူ က ဒီတစ်ခေါက်မှာတော့ ဇွဲကပင် တောင် ကြီးကို အပြည့်အဝမြင်တွေ့ရစေတဲ့ zwekapin valley resort & spa မှာ တည်းခိုခဲ့ပါတယ်။
နောင်လုံတောင်ကြားလမ်း ကို ဘယ်လိုသွားမလဲ
တော်ပုံတောင်ကြားလမ်း အတိုင်းသွားရင် ပထမဆုံးလုမ္မနီဉယျာဥ်ကို ရောက်ရှိမှာဖြစ်ပါတယ်။အဲဒီကနေ ကျိုက်ကဝိရွာ သို့ ဖိုးတခေတ်ရွာ ပြီးရင် သရက်ဥယျာဥ်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အရင်က ဒီသရက်ဥယျာဥ်ထဲမှာ ဘုရားတွေအများကြီးတည်ထားတာ။ အခုကျတော့ ပြုပြင်ထိန်းသိမ်းဖို့အားနည်းသွားလို့ ခရီးသွား တွေကြားမှာ ရေပန်းမစားတော့ပါဘူး။ သရက် ဥယျာဥ်ပြီးရင်တော့ နာမည်ကျော် နောင်လုံတောင်ကြားလမ်းကို ဝင်ပါပြီ။ နောင်လုံတောင်ကြားလမ်းကို အများစုက မြို့ရှောင်လမ်းလို့ခေါ်ကြတယ်။ အဝေးပြေးလမ်းလည်းဖြစ်တာမို့ အရှိန်နဲ့တရစပ်မောင်းတဲ့ကားတွေလည်းရှိကြတယ်။
နောင်လုံတောင်ကြားဝင်ပြီဆိုတာနဲ့ တောက်လျှောက် က အရမ်းသာယာပြီးလှပသလို ဓာတ်ပုံရိုက်လို့ အရမ်းကောင်းပါတယ်။ အထူးသတိပြုရမှာကတော့ အန္တာရယ်လည်း အရမ်းများတာမို့ ဂရုစိုက်ဖို့လိုပါတယ်။
ပွိုင့်လေးပွိုင့်ရှိတဲ့နောင်လုံတောင်ကြားလမ်း
နောင်လုံတောင်ကြားလမ်းမှာ ဓာတ်ပုံရိုက်ကောင်းတဲ့ ပွိုင့်လေးပွိုင့်ရှိတယ်လို့ ဒေသခံဧည့်လမ်းညွန် ဦးသူရဦးက ပြောပြပါတယ်။ အများစု ကတော့ (ကျောက်တံခါးချပ်) ပုံစံဖြစ်နေတဲ့ နေရာမှာ ရိုက်ကြပါတယ်။ ဒီနေရာက အန္တာရယ်လည်း ကင်းသလို အေးအေးဆေးဆေးနဲ့ နောင်လုံတောင်ကြား လမ်းကို နောက်ခံပြီး ဓာတ်ပုံရိုက်ကူးနိုင်ခွင့်ရခြင်းပါပဲ။
ညနေဆည်းဆာ ဝင်ချိန်ဆိုရင် တောင်တွေရဲ့နောက်မှာ ရွှေရောင်ကျနေတာမို့ ညနေစောင်းချိန်ကို မှန်းပြီး ဓာတ်ပုံရိုက်ကူးနိုင်ပါတယ်။ ဒါကြောင့်မို့ ဘယ်အချိန်ကြည့်ကြည့် တစ်မျိုးစီလှပနေတဲ့ နောင်လုံတောင်ကြားလမ်း နဲ့ ဓာတ်ပုံ ရိုက်သူ တွေဟာ များပြားလာပါတယ်။
ဒါမို့ ဘားအံရောက်ပြီဆိုရင် ပထမဆုံး ဓာတ်ပုံရိုက်ကြ မယ့်နေရာက နောင်လုံတောင်ကြားလမ်း သို့မဟုတ်( S) လမ်း ဖြစ်နေတယ်ဆိုတာကတော့ငြင်းဖွယ်ရာမရှိလို့ ဆိုချင်ပါတော့တယ်။