Travelling journal
ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ရှိ ဓာတ်ပုံရှုခင်းကြည့်ကွက်များ ဖြင့် ဆွဲဆောင်ဖန်တီးထားသည့် ဇော်ဂျီ ပန်းခြံ ကို အမျိုးသားဉယျာဥ် (National Park)အဆင့်မီဖြစ်အောင် အကောင်အထည် ဖော်ဆောင် သွားမည်ဖြစ်ကြောင်း ဇော်ဂျီပန်းခြံ ၏ CEO ဖြစ်သူ ဒေါ်မိုးသချေၤ က Travelling journal သို့ ပြောကြားသည်။
အဆိုပါ ဇော်ဂျီပန်းခြံ ကို သဘာဝ တောတောင်ရှုခင်းကြည့် များနှင့်တွဲဖက်ကာ ဓာတ်ပုံရှုခင်းကြည့်ကွက်များဖြင့် ဖန်တီးပုံဖော်ထားပြီး ဓာတ်ပုံ ရိုက်ကူးရန် အကောင်းဆုံးနေရာတစ်ခုဖြစ်သည်။
“တောင်ငါးလုံးကြားထဲမှာ View ကြည့်လို့ရနိုင်တဲ့နေရာလေးမှာ ဇော်ဂျီ ပန်းခြံကို တည်ထားတာပါ။ လက်ရှိ ၁၀ ဧက ကိုသာ ဆောင်ရွက်ထားပြီး ပန်းခြံ ရယ် ရေကန် ရယ်ထည့်သွင်းထားတယ်။ Sunset ကြည့်တဲ့ နေရာတွေ ဖန်တီးထားတယ်။ ရှုခင်းကြည့်ပြကွက် ငါးနေရာ ဖန်တီးထားတယ်”ဟု ဒေါ်မိုးသချေၤ က Travelling journal သို့ ပြောကြားသည်။
အဆိုပါနေရာသို့ တောင်ကြီးမြို့မှ သွားရောက်မည်ဆိုပါက မိနစ်၂၀ ခန့်သွားရောက်ရုံမျှဖြင့် ရောက်ရှိနိုင်သည့်နေရာဖြစ်သလို အဝေရာ မီးပုံပျံကွင်း မှ ဆိုပါက ၁၀မိနစ်ဝန်းကျင်ခန့် သွားရမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော် တို့အစိုးရအနေနဲ့များစွာအားပေးပါတယ်။ Happy city ဖော်ဆောင်ရာမှာတော့ ပုဂ္ဂလိက အခန်းကဏ္ဍက အရေးကြီးပါတယ်။ နောင် Smart & Happy city ဖော်ဆောင်ပြီးရင်တော့ အင်းလေးနဲ့ တာချီလိတ် ကျိုင်းတုံ လာလည်တဲ့ ခရီးသည်တွေအတွက် တောင်ကြီးမြို့ရဲ့ခရီးစဥ်အသစ်ဖြစ်လာနိုင်လိမ်မယ်လို့ မျှော်လင့်ပါတယ်”ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင် က Travelling journal သို့ ပြောသည်။
ဇော်ဂျီပန်းခြံ မှာ ဧကအကျယ် ၅၅ ဧက ရှိပြီးလက်ရှိတွင် ထင်းရှုးပင် အပင်တစ်သိန်းကျော် စိုက်ပျိုးထားသလို စိန်ပန်းနီပင်၊စိန်ပန်းပြာ၊ငုချယ်ရီပင်နှင့် အစိမ်းရောင်ပန်းပင်များအပြင် သစ်ပင် အပင်ကြီးများကိုလည်း စိုက်ပျိုးထားကြောင်း သိရသည်။
လက်ရှိ အပင်ပေါင်း ၆ သိန်းကျော် စိုက်ပျိုးထားပြီးလွန်ခဲ့သည့် သုံးနှစ်ကတည်းက အပင်ကြီးပင်များကို စိုက်ပျိုးထားခြင်းဖြစ် သည်။
” မြန်မာပြည်ကို ရောက်ရင် ရှမ်းပြည်က ဒီနေရာကို မဖြစ်မနေလာရောက်လည်ပတ်ရမယ့် National Park ပုံစံမျိုးအဖြစ် ပုံဖော်သွားမှာ။ ပန်းခြံထက် သဘာဝအတိုင်းခံစားလို့ရနိုင်တဲ့ ခံစားမှုကို ရရှိအောင် လုပ်သွားမှာပါ။ အခု
ဒီနှစ်ကို ရောင်စုံပန်းပင်တွေ ပိုစိုက်ဖို့လုပ်ထားတယ်။ မြို့ပြလူနေ မှုကို မွန်းကြပ်လာတော့ ရှမ်းပြည်ဘက်ကိုလာရင် အမရဲ့ဒီဇော်ဂျီပန်းခြံကို လာပြီး ဒီနေရာမှာ လေးရက်လောက် အနားယူနိုင်အောင် လုပ်သွားမယ်၊ နောက်ပိုင်း ရီဆော့တွေကို လည်း ထည့်သွင်းဆောက်သွားမယ်။ စိတ်ကို ကျန်းမာအောင်လုပ်ပြီး ပြန်တာမျိုး ဖြစ်တဲ့အထိ လုပ်ဆောင်သွားမယ်။ သဘာဝနဲ့ကိုက်ညီတဲ့ Activity တွေကို ထည့်သွင်းသွားမယ်။ ဒီလိုသဘာဝ တရားကို ချစ်တတ်လာအောင် သစ်ပင်တွေကို ချစ်မြတ် နိုးတတ်လာအောင် အမကို ငယ်ငယ်ကတည်းက အဖေနဲ့အမေက ပုံသွင်းပေးခဲ့တာ”ဟု ဒေါ်မိုးသချေၤ က ပြောသည်။
ယင်းကဲ့သို့ ဖော်ဆောင် နိုင်ပြီဆိုပါက မြန်မာ နိုင်ငံ၏ ပုဂ္ဂလိက ပထမဆုံး အမျိုးသား ဥယျာဉ် တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
ဇော်ဂျီပန်းခြံတွင် လက်ရှိ လူကြိုက်များလှသည့်Package အမျိုးအစား သုံးမျိုးရှိပြီး တနင်္လာနေ့ညနေတိုင်း အီတလီဝိုင်လေးသောက်ရင်း ပန်းချီဆွဲသည့် Wine & Paint Package ကို တစ်ဦးလျှင် ကျပ် လေးသောင်း၊ Picnic Package နှင့် Breakfast Packageစသည့် ဝန်ဆောင်မှု သုံးခုကို ဆောင်ရွက် ပေးထားပြီး ပန်းခြံကို နံနက် ၁၀နာရီမှ ညနေ ၇နာရီထိ ဖွင့်လှစ်ထားကာ ဝင်ကြေးအနေဖြင့် တစ်ဦးလျှင် ကျပ်သုံးထောင် ပေးရကြောင်း သိရသည်။
ထို့ပြင် ဇော်ဂျီဖောင်ဒေးရှင်းကိုလည်းတည်ထောင်ထားပြီး ပန်းခြံမှ ရရှိသည့် ဝင်ငွေ ၏ အကျိုးအမြတ် ၅၀ ရာခိုင်နှုန်းကို တောင်ကြီး မြို့စည်ပင်သာယာရေးအတွက် ပြန်လည်လှူဒါန်းပြီး ရှမ်းပြည်နယ် တိုးတက်ရေး အတွက် အဓိက လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။