MKT
တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းခရိုင် အတွင်းရှိ စောင်းကောက်ကျွန်းတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ပြည်တွင်း ကုမ္ပဏီ ငါးခုမှ မြေအသုံးချခွင့် ပြုရန် သက်ဆိုင်ရာသို့ တင်ပြထားကြောင်း ဟိုတယ်ခရီးတိုင်း တာဝန်ခံ ဦးညိုအေး ကTravelling Journal သို့ ပြောသည်။
အဆိုပါကျွန်း၌ မည်သည့်တစ်စုံတစ်ယောက်မှလုပ်ကိုင်ခွင့်ကို ခွင့်မပြုထားသလို မည်သူ့မှ လည်း ဝင်ရောက်လုပ်ကိုင်ခြင်း မရှိ သေးကြောင်း ၄င်းက ပြောသည်။
လက်ရှိတွင် ကျွန်းပေါ်၌ ရင်းနှီးမြှုပ်နှံမှု ပြု လုပ်မည့်ကုမ္ပဏီ ငါးခုအား မြေဧက များကို ခွဲပေးထားသည့် အဆင့်သာ ရှိသေးကြောင်း သိရသည်။
” ကျွန်းပေါ်မှာ တရားဝင်လုပ်ကိုင်ခွင့် တင်ထားတဲ့ ကုမ္ပဏီ ငါး ခုကို မြေခွဲပေးထားတယ်။ ငါးခုစလုံးကိုမှ ပြန်ပြီး တော့ စာချုပ်ချုပ်မှာပေါ့ ။ မြေဌားရမ်းစာချုပ် အသိမှတ်ပြု စာချုပ် ချုပ်ရမှာပေါ့။ အဲဒီ့အတွက်ကို မူကြမ်းကို စိစစ်နေတာပေါ့။ သုံးခုကတော့ စိစစ်ပြီးသွားပြီ။ နောက်နှစ်ခုကတော့ ထပ်ပြီးတင်မလာသေးဘူး။ တင်လာရင်တော့ ထပ်ပြီး စိစစ်ရမှာပါ” ဟု တင်္နသာရီ တိုင်းဒေသကြီး ဟိုတယ်ခရီးတိုင်း တာဝန်ခံ ဦးညိုအေး က ပြောသည်။
အဆိုပါ စောင်းကောက်ကျွန်းသည် မြေဧက ၆၀၀ ကျော်ရှိပြီး ကုမ္ပဏီ ငါးခုအား မြေခွဲဝေပေးရာတွင် ကုမ္ပဏီ တစ်ခုလျှင် မြေဧက ၅၀ မှ ၇၀ အထိ လောက်သာ ခွဲပေးထားကြောင်း သိရသည်။
အဆိုပါ ကျွန်းသည် ကော့သောင်းမြို့၏ မိုင် ၃၀ အကွာတွင်ရှိပြီး အနီးပတ်ဝန်းကျင်၌ ကြက်မောက်ကျွန်း၊ မိုးသောက်ကျွန်း တို့နှင့် နီးသလို ထိုင်းရေပိုင်နက်နှင့်လည်း နီးကြောင်း သိရသည်။