Travelling journal
ငွေဆောင်ကမ်းခြေ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရန်အတွက် လုပ်ငန်းရှင်များအပါအဝင် ဒေသခံ လူ ဦးရေ ၃၀၀ နီးပါးမှ လတ်မှတ်ရေးထိုးပြီးတင်ပြတောင်းခံထားသည့်စာကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးတင်လတ် ထံသို့ တင်ပြခဲ့ကြောင်း သိရှိရသည်။
သြဂုတ်လ ၉ ရက်က ငွေဆောင်ကမ်းခြေ သာယာလှပရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများကို လာရောက် ကြည့်ရှု့ခဲ့ပြီး ငွေဆောင်ကမ်းခြေခရီးသွားနယ်မြေ အတွင်းရှိ ဟိုတယ်ဇုန်များမှလုပ်ငန်းရှင် များနှင့် တာဝန်ရှိသူများအား တွေ့ဆုံခဲ့သည့် ပွဲ၌ တင်ပြခဲ့ကြောင်း ဟိုတယ်လုပ်ငန်းရှင်တစ်ဦး ဖြစ်သူ ဦးလှိုင်မွန် က Travelling Journal သို့ ပြောသည်။
’’ ဒေသခံဘက်က စာရွက်စာတမ်းတွေယူလာခဲ့တာ။လတ်မှတ်ပေါင်း ၂၅၀ နဲ့ ၃၀၀ ကြားမှာရှိတယ်။ ဒုဝန်ကြီးလာရင် တင်ပြဖို့ပါ။ ဒေသခံလုပ်ငန်းရှင် တွေလည်းပါတယ်။ ဒေသခံတွေလည်းပါတဲ့ လတ်မှတ်ထိုးထားတဲ့ စာကို တင်ပြခဲ့တယ်။ လုပ်ငန်းရှင်ကော တည်းခိုခန်းကော စားသောက်ဆိုင်ပိုင်ရှင်တွေကော အုန်းသီးရောင်းတဲ့သူကော ဆိုင်ကယ်တက္ကစီ ဆွဲတဲ့ သူကော လက်ရှိအလုပ်လုပ်ကိုင်နေတဲ့ သူတွေက ဦးဆောင်ပြီး တင်ပြခဲ့တာပါ။ဝန်ကြီးရဲ့PSoလက်ထဲကို ထည့်ပေးခဲ့ပါတယ်’’ဟု လုပ်ငန်းရှင် ဦးလှိုင်မွန်က ပြောသည်။
ထို့အပြင် ဒုဝန်ကြီး ငွေဆောင်ကမ်းခြေ လာရောက်သည့်ခရီးစဉ်တွင် ငွေဆောင်ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းအနေမှ ငွေဆောင်ကမ်းခြေပြန်လည်ဖွင့်လှစ်ရန် အတွက် တင်ပြသွားမည့်စာကို ကမ်းခြေ ကော်မတီ ဥက္ကဋ္ဌမှ တစ်ဆင့် တင်ပြပေးရန် တောင်းဆိုခဲ့ထားကြောင်း ငွေဆောင်ဇုန် ဒုဥက္ကဋ္ဌ ဖြစ်သူ ဒေါ်စန်းစန်းရီက Travelling Journal သို့ ပြောသည်။
’’ကျွန်တော်တို့ အုပ်ချုပ်ရေးပိုင်းကတော့ လိုအပ်တာကို ပေါင်းစပ်ပေးသွားမှာဖြစ်ပါတယ်။ အဓိက ကမ်းခြေ ပြန်ဖွင့်ဖို့ ပေးတယ်၊ မပေးဘူးဆိုတာ အစိုးရအဖွဲ့ဲရဲ့ သဘောထားပဲလေ။ ကျွန်တော်တို့ အစိုးရကချမှတ်ထားတဲ့ ပေါ်လစီကို အကောင်အထည်ဖော်ရတဲ့ ဝန်ထမ်းတွေဖြစ်တယ်။ အောက်ခြေမှာတော့ လုပ်ငန်းယန္တရားလည်ပတ်နေတာရှိတယ်။ ဒေသခံတွေရဲ့ စားဝတ်နေရေး ခက်ခဲနေတာကိုလည်း မြင်တယ်။ ဒါပေမယ့်ခုနကလိုမျိုး လက်ရှိဒီဘက်ခြမ်းမှာလည်း ကိုဗစ်ရဲ့ဆိုးကျိုး ကိုလည်းပေါ့လို့မရသေးဘူး၊ ခွင့်ပြုပေးတယ်၊မပေးဘူးဆိုတာကလည်း လူကြီးတွေ ပိုသိမှာပေါ့။ ကျွန်တော်တို့ကတော့ သူတို့လမ်းညွန်ချက်အတိုင်းပဲ လုပ်သွားရမှာပါပဲ’’ ငွေဆောင်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးဝဏ္ဍဝင်း က Travelling Journalသို့ ပြောသည်။
ကမ်းခြေများပြန်လည်ဖွင့်လှစ်ရန်အတွက် လိုအပ်သည့်စစ်ဆေးမှုများကို ဖွင့်လှစ်ခွင့် တင်ပြထားသည့် ဟိုတယ်များ၊ စားသောက်ဆိုင်များ အား စစ်ဆေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။