Travelling journal
နာမည်ကျော်ကမ်းခြေတစ်ခုဖြစ်သည့် ငပလီကမ်းခြေတွင် ဟိုတယ်နှင့်တည်းခိုရိပ်သာ ငါးလုံးကို ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ် ဟိုတယ် ခရီး တာဝန်ခံဦးရဲအောင်မိုးက Travelling journal သို့ပြောသည်။
” လေကြောင်းနဲ့လာတဲ့သူတွေက Q ဝင်စရာမလိုဘူး။ လက်ရှိ ဧည့်သည်ကလည်း ခုချိန်ထိမလာသေးဘူးဆိုတော့ လာရင် ဒေသအာဏာပိုင်တွေနဲ့ပြန်ညှိပေးရမှာဖြစ်ပါတယ်”ဟု ဦးရဲအောင်မိုးက Travelling journal သို့ပြောသည်။
အဆိုပါ ငါးလုံးမှာ ဟိုတယ်နှစ်လုံးနှင့် အဆင့်မြှင့် တည်းခိုရိပ်သာသုံးလုံးကို ကျန်းမာရေးဝန်ကြီး ဌာန၏ လမ်းညွန်ချက်နှင့်အညီ SOP ဖြင့် ဖွင့်လှစ်ပေးထားခြင်းဖြစ်ကြောင်း သိရသည် ။
ဖွင့်လှစ်ပေးထားသည့်ဟိုတယ်ငါးလုံးမှာAmazing Ngapali Resort Hotel၊ AZ Family Resort Hotel၊ Royal Linthar Lodge၊ Kyaw Myanmar Lodgeနှင့် Htein Linn Thar Guest House တို့ဖြစ်ကြောင်းသိရသည်။
” ဦးတို့ကတော့ ဖွင့်ချင်တာပေါ့။ စစ်ဖို့ တင်ပြထားပါတယ်။ ခွင့်ပြုချက်ရမှ ဖွင့်လို့ရမှာဖြစ်ပါတယ်။ တကယ် လို့ ပြန်ဖွင့်ရမယ်ဆိုလာရင် ဟိုတယ်ခန်းခနှုန်းထားတွေကိုလည်း လျော့ချပေးသွားဖို့ အစီအစဥ်တွေ ရှိပါတယ်”ဟု ငပလီကမ်းခြေအခြေစိုက် ဟိုတယ်လုပ်ငန်းရှင်တစ်ဦးကလည်း Travelling journal သို့ ပြောသည်။
ထို့ပြင် ငပလီကမ်းခြေအခြေစိုက် ဟိုတယ် ၁၀ လုံး နှင့် အဆင့်မြင့်တည်းခိုရိပ်သာ ၇ လုံးကလည်း ဖွင့်လှစ်ပေးရန် ထပ်မံတင်ပြထားကြောင်းသိရသည်။