ကရဝိတ် တင်ဒါ ကိစ္စ ဇေကမ္ဘာကုမ္ပဏီ မှ ဝန်ကြီးဌာနသို့တင်ပြထားခြင်းမရှိသလို ဝန်ကြီးဌာနဘက်မှလည်း စဉ်းစားထားခြင်းမရှိဟုဆို

Travelling journal ကရဝိတ် တင်ဒါ ပြန်ခေါ်ယူသည့် ကိစ္စနှင့်ပတ်သက်ပြီး ဇေကမ္ဘာကုမ္ပဏီ ဘက်မှ ဝန်ကြီးဌာနသို့ လာပြီး တင်ပြထားခြင်း မရှိသလို ဌာနဘက်မှလည်း စဉ်းစားထားခြင်း မရှိသေးကြောင်း ဟိုတယ်နှင့် ခရ ...

Travelling journal

ကရဝိတ် တင်ဒါ ပြန်ခေါ်ယူသည့် ကိစ္စနှင့်ပတ်သက်ပြီး ဇေကမ္ဘာကုမ္ပဏီ ဘက်မှ ဝန်ကြီးဌာနသို့ လာပြီး တင်ပြထားခြင်း မရှိသလို ဌာနဘက်မှလည်း စဉ်းစားထားခြင်း မရှိသေးကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီးဌာနမှ ဒုတိယ ညွန်ကြား ရေးမှုးချုပ် ဦးကောင်းထွဋ် က Travelling Journal သို့ ပြောသည်။

ဇေကမ္ဘာ ကုမ္ပဏီမှ နှစ်၃၀ အထိ ဌားရမ်း လုပ်ကိုင်ခွင့် ရရှိထားသည့် ကရဝိတ်ခန်းမနှင့် မြေနေရာအား နှစ် ၂၀ ပြည့်ချိန်ကာလတွင် ဝန်ကြီးဌာနအနေဖြင့် တင်ဒါ ခေါ်ယူခြင်းနှင့် ပတ်သက်ပြီး Travelling Journal မှမေးမြန်းမှုအပေါ် ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည် ။

’’ဝန်ကြီးဌာနကို တရားဝင် ဘာမှ လာပြီး တင်ပြထားတာ မရှိပါဘူး ။ အဲဒီအတွက် ဝန်ကြီးဌာန ဘက် ဘာမှ စဉ်းစားထားတာ မရှိပါဘူး ။ဝန်ကြီးဌာနလုပ်တယ် ဆိုတာကလည်း ဌာနအနေနဲ့ လုပ်လို့မရပါဘူး၊ ဒါက အဆင့်ဆင့်ကို တင်ပြပြီးမှ တင်ဒါ နှင့်အညီလုပ်ရတာပါ။ အဲဒီအတွက် ဘာမှ ပြောစရာမရှိဘူး။ ဒါနဲ့ ပတ်သက်ပြီး တင်ပြပြီးသွားပါပြီ။ သူတို့ကိုလည်း အသိပေးထားပါတယ်။ တင်ဒါကို လည်း တရားဝင် ခေါ်တာပါ။ ဝင်ပြိုင်လို့လည်း ရပါတယ်’’ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဒုတိယ ညွန်ကြား ရေးမှုးချုပ် ဦးကောင်းထွဋ် က Travelling Journal သို့ ပြောသည်။

အဆိုပါ ကန်တော်ကြီးဝင်းအတွင်းရှိ ကရဝိတ်ခန်းမနှင့် ဆက်စပ် လျက် ရှိသည့် ယာဉ်ရပ်နား သည့် နေရာ အပါအဝင် ၃ ဒဿမ ၄၅ ဧက ရှိ ကရဝိတ် ခန်းမနှင့် မြေနေရာ၏ နေရာလုပ်ကိုင်ခွင့်ကို ကနဦး နှစ် ၂၀ နှင့် နောက်ထပ် သက်တမ်း ငါးနှစ် နှစ်ကြိမ်နှုန်းဖြင့် ခွင့်ပြုခဲ့သော်လည်း နှစ် ၂၀ ပြည့်သည့်အတွက် ဟု ဆိုကာ ဇွန်လ ၆ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် တင်ဒါ ပြန်လည် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ တင်ဒါပြန်ခေါ်ယူသည့်အတွက် ဇေကမ္ဘာကုမ္ပဏီ အနေဖြင့် တင်ဒါ ပြန်လည်တင်သွင်း သွားမည်ဖြစ်ပြီး တင်ဒါပြန်မရပါက နှစ်၂၀ အတွင်း ရင်းနှီးမြှုပ်နှံတည်ဆောက်ခြင်း နစ်နာမှုအတွက် သက်ဆိုင်ရာ သို့ နစ်နာကြေး ဒေါ်လာသန်း ၃၀ တောင်းခံ သွားမည်ဖြစ်ကြောင်း ဇေကမ္ဘာကုမ္ပဏီမှ တာဝန်ရှိသူများက မီဒီယာများတွင်လည်း ဖြေကြားထားသည် ။

’’ လက်ရှိမှာတော့ ကုမ္ပဏီဘက်မှ လျှောက်လွှာတင်ဖို့ မလုပ်ထားသေးပါဘူး ။ ပြန်တင်ဖို့ကတော့ BOD အဖွဲ့နဲ့ ပြန်တိုင်ပင်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဘက်ကတော့ စာချုပ်ပါ အတိုင်းကိုပဲ လုပ်သွားမှာဖြစ်ပါတယ်’’ဟု ဇေကမ္ဘာကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးရဲဝင်းရှိန်က Travelling Journal သို့ ပြောသည်။

ဝန်ကြီးဌာနအနေဖြင့် ကရဝိတ်တင်ဒါ ခေါ်ယူခြင်း လျှောက်လွှာ များကို ဇူလိုင် ၈ ရက်နေ့အထိ သတ်မှတ်ထားပြီး လက်ရှိအချိန်ထိ တင်ဒါ လာရောက် တင်ထားသည့် တစ်စုံတစ်ဦးတစ်ယောက်မှ မရှိသေးသလို အဆိုပြုလွှာတင်ထားသည့် တင်ဒါ လျှောက်လွှာများထဲမှ စိစစ်ပြီး ရွေးချယ် သွားမည်ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ဇတ်မင်းသားဖိုးချစ်က သူ၏ ဖေ့ဘုတ်အကောင့်တွင် ကရဝိတ် တင်ဒါ ခေါ်ယူခြင်းနှင့် ပတ်သက်ပြီး စိတ်ဝင်စားကြောင်း သူ၏ အိမ်မက်ကိုလည်း ကြိုးစားသွားမည်ဟု ရေးသားထားသည်။

Photo Toe Naing Man FB