ဇွန် ၁၆ – ၂၀၂၀ Eco Tourism ထုံမွှန်းရာ ဘားအံ မြေကို ဒီရုပ်သံဗီဒီယိုလေးကနေ တဆင့် လည်ကြည့်ကြရအောင်။ ကရင်ပြည်နယ်ဆိုတာ သဘာ၀ တောတောင်ရေမြေအလှတွေ ပိုင်ဆိုင်ထားတဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်။ သွားလာရ လွယ်ကူသလို ကားဖြင့် သွားရောက်မယ်ဆိုပါကလည်း ၅နာရီကျော် စီးရုံမျှနဲ့ ရောက်နိုင်တဲ့ ပြည်နယ်တစ်ခုပါ။ အရိုင်းဆန်ဆန် ကျန်ရှိနေသေးတဲ့အပြင် လည်ပတ်စရာနေရာတွေ ပိုပိုပြီး များပြားလာခဲ့ပါပြီ။ ဘားအံမှာဆို ဘာတွေ ရှိသလဲ။ ဘားအံရဲ့ အထင်ရှားဆုံး Landmark က ဂူတွေပါပဲ။ ဒီအထဲကနေ အထင်ရှားဆုံးဖြစ်တဲ့ ဇွဲကပင်တောင်၊ ဘုရင်ညီဂူနဲ့ရေပူစမ်း၊ ဆဒ္ဒန်ဂူ၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ လင်းနို့ဂူ၊ တောင်ဝိုင်းတောင်၊ ကန်သာယာ၊ ကျောက်ကလပ်စေတီ၊ ချစ်သူ့မြိုင် ၊ ညဈေးတန်း စတဲ့ နေရာတွေအပြင် လည်ပတ်စရာ နေရာတွေ များစွာ ကျန်ရှိနေသေးပါတယ်။ လည်ပတ်စရာ နေရာများစွာရှိတာ သာမက တည်းခိုစရာဟိုတယ်တွေကလည်း ဈေးအသင့်အတင့် ကနေ ဇိမ်ခံချင်စရာကောင်းလှတဲ့ အထိ ကြိုက်ရာရွေးချယ်နိုင်တဲ့ ဘားအံမို့ အခုဆိုရင် ပြည်တွင်းခရီးသွားတွေကြားမှာ စိတ်ဝင်စားမှုရှိလာခဲ့ပြီဖြစ်ပါတယ်။ ဘားအံကို အခြေပြုပြီး အခုဆို ရင် Trekking တွေ၊ Biking တွေ ထိ ဝန်ဆောင်မှုပေးလာကြတဲ့ ခရီးစဉ်တွေလည်း ရှိလာနေကြပါပြီ။ ခရီးကလည်း တိုတယ်၊ သွားရတာလည်း မပင်ပန်းဘူး၊ သဘာဝအလှပတွေ များစွာ ရှိနေတဲ့ ဘားအံကို သွားလည်ဖို့ အသင့်ပဲ ဖြစ်နေကြပြီလား။ ဇွဲကပင်တောင်ပေါ်ကနေ ကြည့်ရတဲ့ ရှုခင်းတွေက ကမ္ဘာမှာ အလှဆုံးရှုခင်းလို့ ဆိုကြတယ်။ ဘားအံမြို့ရဲ့ ကောင်းကင် ကနေ ကြည့်ရတဲ့ လှပမှုက ပြီးပြည့်စုံနေတဲ့ အလှတရားပါပဲ။ ဒါကြောင့်မို့ ဘားအံ ကောင်းကင်ကနေ မြင်တွေ့ရတဲ့ခံစားမှုကို လည်း ထပ်ပြီး ကြည့်ရှု စီးမျှောခံစားကြရအောင်။ #Travellingjournal #News(ရုပ်/သံ)