#Travellingjournal

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့မှာရှိတဲ့ မြေနီအုတ်တွေနဲ့ သာ တည်ဆောက်ထားတဲ့ နောင်ငင်းရွာကို ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း
ဖော်ဆောင်တော့မှာ ဖြစ်တယ်လို့ ရှမ်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဝန်ကြီး ဦး စိုးညွန့်လွင် က ပြောပါတယ်။

အခုလို CBTဖော်ဆောင်နိုင်ရန်အတွက် ဇွန်လ ၃၀ ရက် နေ့မှာ နောင်ငင်းရွာကို မြေပြင်ကွင်းဆင်းလေ့လာမှုတွေကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
နောင်ငင်းရွာဟာဆိုရင် ကျိုင်းတုံမြို့ရဲ့ အနီးဆုံး ရွာဖြစ်ပြီး တိုင်းနေ ရှမ်းတိုင်းရင်းသားများနေထိုင်ကြတဲ့ ရွာလေးဖြစ်ပါတယ်။ အိမ်ခြေ ၁၅၀ကျော် ရှိပြီး ရှေးမူမပျက် ကျန်ရှိနေသေးတဲ့ ရိုးရာမြေနီအုတ်တွေနဲ့ တည်ဆောက်ထားတဲ့နောင်ငင်းရွာပဲဖြစ်ပါတယ်။

ဒီရွာရဲ့ ထူးခြားမှု က မြေနီအုတ်အစိမ်းတွေနဲ့သာတည်ဆောက်ထားတာဖြစ်ပြီး သံလုံးဝမသုံးပဲ စရွေးဖောက်စွပ် တွေကိုသာအသုံးပြုပြီးတည်ဆောက်ထားတာဖြစ်ပါတယ်။
မီးမဖုတ်ပဲ မြေနီအုတ်အစိမ်းတွေနဲ့သာ တည်ဆောက်ထားတာဖြစ်တာမို့ ထူးခြားတဲ့ မြေနီအုတ်တွေရှိတဲ့ ရွာဆိုပြီး အခုဆိုရင် ပြည်တွင်းခရီးသွားတွေကြားမှာလည်ပတ်စရာနေရာအဖြစ်ရှိနေခဲ့ပြီဖြစ်ပါတယ်။

ဒါကြောင့်မို့ မြေနီအုတ်တွေနဲ့တည်ဆောက်ထားတဲ့တိုင်းနေရှမ်း တိုင်းရင်းသားတွေနေထိုင်ကြတဲ့နောင်ငင်းရွာကို ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းဖော်ဆောင်ဖို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က စီစဉ်ခဲ့တာဖြစ်ပါတယ် ။ဒါ့အပြင် နောင်ငင်းရွာမှာ ရှမ်းရိုးရာအစားသောက်တွေ၊ ရိုးရာကိန္ဒရီ ကိန္ဒရာအက တွေ၊ လမုန်းအက တွေ၊တိုးနယား အကများနဲ့ ထင်ရှားတဲ့ရွာလေးဖြစ်တယ်လို့ လည်း သိရပါတယ်။ နောင်ငင်းရွာလေးကို ထိုင်းလူမျိုးတွေအများဆုံးလာရောက်လေ့လာကြတဲ့ ရွာဖြစ်တာမို့ ထိုင်းစာလမ်းညွန် ဆိုင်းဘုတ်တွေကိုလည်းချိတ်ဆွဲထားပါတယ်။

နောင်ငင်းရွာကို CBT ကျေးရွာအဖြစ်ဖော်ဆောင်ဖို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ကညွန်ကြားခဲ့ပြီး မကြာခင်မှာ အကောင်အထည်ဖော်ဆောင်တော့မှာဖြစ်ပါတယ်။

#ရုပ်/သံ