ချောင်းသာဟိုတယ်ဇုန်မှ ပထမဆုံးအကြိမ် ကိုဗစ် ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ဒေသခံ လက်လုပ် လက်စားပြည်သူ အိမ်ထောင်စုပေါင်း (၅၄၀၀ )ကို ဆန်များထောက်ပံ့

Travelling journal ချောင်းသာဟိုတယ်ပိုင်ရှင်များမှ စုပေါင်းပြီး ပထမဆုံးအကြိမ် ကိုဗစ် ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ဒေသခံ လက်လုပ် လက်စား ပြည်သူ အိမ်ထောင်စုပေါင်း (၅၄၀၀ )ကို ဆန်များထောက်ပံ့ ပေ ...

Travelling journal

ချောင်းသာဟိုတယ်ပိုင်ရှင်များမှ စုပေါင်းပြီး ပထမဆုံးအကြိမ် ကိုဗစ် ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ဒေသခံ လက်လုပ် လက်စား ပြည်သူ အိမ်ထောင်စုပေါင်း (၅၄၀၀ )ကို ဆန်များထောက်ပံ့ ပေးအပ်ခြင်းအခမ်းအနားကို ဩဂုတ် လ ၂၄ ရက်က ချောင်းသာ ရှိ Golden Beach Hotel တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရပ်ကွက် ၁ / ၂/၃ နှင့်ကျေးရွာများမှ တာဝန်ရှိသူများနှင့်ဟိုတယ်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အစောပိုင်းက အိမ်ထောင်စု ၃၀၀၀ ကိုသာ လှူဒါန်းမှု ပြုလုပ်ထားသော်လည်း ချောင်းသာ မြို့အုပ်ချုပ်ရေးမှူးမှ ချောင်းသာ မြို့နယ်အတွင်းရှိ ကျန်ရှိနေသေးသည့် ကျေးရွာ များကိုလည်း ထောက်ပံ့ ပေးရန် တောင်းဆိုမှုကြောင့် အိမ်ထောင်စု( ၅၄၀၀)ကျော်ထိ လှူဒါန်း ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

” မြို့မ ဂီတအသင်းနဲ့မန္တလေး ကိုခွဲ ခြားလို့ မရသလို ချောင်းသာမြို့နယ်က ပြည်သူတွေနဲ့ ဟိုတယ်ဇုန်ကလည်းအပြန်အလှန်အကျိုးပြုနေပါတယ်။ ချောင်းသာရွာနဲ့ ဇုန်နဲ့ဟာ အပြန်အလှန် မှီခိုနေရပါတယ်။ အခုလို ကိုဗစ်ကပ်ရောဂါ ကျရောက်နေတဲ့ကာလအတွင်းမှာ ဇုန်အနေနဲ့ တက်နိုင်တဲ့ဘက်ကနေ ပထမဆုံးလှူဒါန်းထောက်ပံ့တာဖြစ်ပါတယ်။ ဒေသခံတွေက ပြောကြတယ်။ ဒီလိုလှူဒါန်းတာထက် စာရင် ကမ်းခြေကို ဖွင့်ပေးရင်ပိုပြီးဝမ်းသာမိပါတယ်လို့ဆိုကြတယ်။ ဒီအချိန်ကာလမှာလည်း ဟိုတယ်ဇုန်အနေနဲ့လည်းတစ်ဖက်တလမ်းကနေ နိုင်ငံတော်ကို ပြန်ကူညီ ပေးပြီးဒုတိယလှိုင်း မပျံ့ပွားရေးအတွက် ဟိုတယ်တွေကို ပိတ်ထားပေးပါတယ်။ ဒေသခံတွေအတွက် တဖက်တလမ်းက နေ ကူညီ ထောက်ပံ့ ပေးတာပါ”ဟု ချောင်းသာ ဟိုတယ်ဇုန် နာယက ဦးကျော်ခိုင် က Travelling journal သို့ ​ပြောသည်။

ထို့ပြင် ဒုဥက္ကဋ္ဌ ဦးမောင်မောင်ထွေးက လည်း ” ချောင်းသာ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းကနေ ချောင်းသာ မြို့ရပ်ကွက်မှာရှိတဲ့အခြေ ခံလက်လုပ် လက်စားပြည်သူများကို ဆန်လှူဒါန်းခြင်းဖြစ်ပါတယ်။ အခုလိုလှူဖြစ်ရတဲ့အကြောင်းကလည်း ကိုဗစ် ရောဂါစဖြစ်တဲ့အခါမှာ ချောင်းသာ ငွေဆောင် ကမ်း​ခြေ တွေကအရင်ဆုံးပိတ်ခဲ့ရတာဖြစ်ပါတယ်။ အခုချိန်ထိလည်း ကိုဗစ် ရောဂါကြောင့်နောက်ဆက်တွဲ ဖြစ်ပေါ်ရတာက စီးပွားရေးရိုက်ခတ်မှုဒဏ်တွေ ဖြစ်ခဲ့ရပါတယ်။ကျွန်တော်တို့ ချောင်းသာ ရဲ့ အခြေ ခံလက်လုပ်လက်စားပြည်သူတွေအတွက် ဟိုတယ်တွေ ပိတ်လို့ ဝင်ငွေမရှိရင်တောင် ဒေသမှာရှိတဲ့ ဒေ သခံတွေကို ကူညီပေးရမယ်ဆိုတဲ့စိတ်ဓာတ် တွေက ဟိုတယ်လုပ်ငန်းရှင်များရဲ့စိတ်ထဲမှာအမြဲ ရှိနေပြီးသားပါ။ကျွန်တော်တို့ရှာတဲ့ပိုက်ဆံတွေကို အကုန်မသယ်သွားပါဘူး။ ဒေသအကျိုးပြု လုပ်ငန်း တွေကို ပြန်ပြီးလုပ်ပေးသွားမှာပါ။ ဒါကို အခိုင်အမာလေးပြောပြချင်ပါတယ်”ဟု ၄င်းက ပြောသည်။

ချောင်းသာ ဒေသခံအခြေ ခံလက်လုပ်လက်စားပြည်သူများအတွက် Amazing Hotelsမှ ကျပ် ၁၀ သိန်း ၊ Azura Hotel မှ ကျပ် ၁၀ သိန်း၊ New Chaung Tha Hotelမှ ကျပ် ၁၀ သိန်း၊ Breeze Hotel မှ ကျပ် သုံးသိန်း ၊ Khine Chaung Tha Hotel မှ ကျပ် ၁၀ သိန်း၊ Golden Beach Hotel မှ ကျပ် ၁၀ သိန်း၊ Thiri Hotel မှ ကျပ် ၁၀ သိန်း၊ Grand Hotel မှ ကျပ် ၁၀ သိန်း ၊Belle Hotel မှ ကျပ် ၁၀ သိန်း၊ Diamond Hotel မှ ကျပ် နှစ်သိန်း၊ Akariz hotel မှ ကျပ် သုံးသိန်း၊ ရွှေဟသ်ာဟိုတယ်မှ ကျပ် သုံးသိန်း၊ Chaung tha lodge မှ ကျပ် ၁၀ သိန်း၊ Gerizim ဟိုတယ် မှ ကျပ် ၂၅ သိန်း၊ Hill Garden ဟိုတယ်မှ ကျပ် သုံးသိန်း၊ Happy Hotel မှ ကျပ် သုံးသိန်း၊ Hotel Ayeyarwady မှ ကျပ် ၁၀ သိန်း ၊Supremeဟိုတယ် မှ ကျပ် သုံးသိန်း၊ ရွှေကမ္ဘာဟိုတယ်မှ ကျပ်နှစ်သိန်း လှူဒါန်း ခဲ့ပြီး ထပ်မံပြီးဟိုတယ်လုပ်ငန်းရှင်များ၏ ထည့်ဝင်ငွေများဖြင့် အိမ်ထောင်စုများကို တိုးမြှင့်ထောက်ပံ့ပေးအပ်ခဲ့သည်။

ချောင်းသာဟိုတယ်ဇုန်အနေဖြင့် ဒေသအတွက် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ကမ်းခြေ စတင်ဖွင့်လှစ်ခဲ့ကတည်းက ကူညီထောက်ပံ့မှုများပြုလုပ်ခဲ့သလို ကိုဗစ်ရောဂါဖြစ်ပွားသည့်ကာလအတွင်းကလည်း သိန်း ၈၀ ကျော် လှူဒါန်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။